ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီလ ၂၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးကာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အကြောင်းမဲ့သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ ပြည်သူ ၂ ဦးမှာ ဦးဗန်ဘိခ့်နှင့် ဦးလာပ်လျန်တို့ဖြစ်ကပြီး ဦးလာပ်လျန်သည် မီဇိုးရမ်ပြည်နယ်မှ ငလိုင်ရွာသို့ ခေတ္တပြန်လာစဥ် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အသတ်ခံထားရတဲ့ ဦးလာပ်လျန်က မီဇိုးရမ်ပြည်နယ်မှာ မိသားစုနဲ့ အတူတူနေထိုင်သူဖြစ်တယ်။ သူဇာတိဖြစ်တဲ့ ငလိုင်ရွာကို ခေတ္တပြန်လာနေစဥ် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာပါ။ ဦးဗန်ဘိခ့်ကတော့ စစ်ဘေးမရှောင်ဘဲ အရင်အတည်းက ငလိုင်ရွာမှာ ရှိတဲ့ သူ့ခြံမှာ တစ်ယောက်ထဲ နေထိုင်သူပါ။ သူ့ခြံကနေ ရွာထဲကို ရိက္ခာတွေ လာယူတဲ့အခါမှာ ဖမ်းဆီးခြင်းခံရပြီး သတ်ဖြတ်ခံရတာပါ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ငလိုင်ရွာရှိ နှစ်ခြင်းဘုရားကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။

စစ်ကောင်စီတပ်က ပြည်သူလူထု ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့ခံထားရကြောင်း သတင်းထွက်ပေါ်နေပြီး မည်သူမည်ဝါဖြစ်ကြောင်းဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်မပြုနိုင်သေးသလို လက်ရှိအချိန်ထိ ပြည်သူ ၂ ဦးကိုသာ အတည်ပြုနိုင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ငလိုင်ရွာသား ဦးဗန်ဘိခ့်နှင့် ဦးလာပ်လျန်