ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စမ်းရေခုံကျေးရွာကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နှာရီဝန်းကျင်အချိန်၌ စစ်ကောင်စီတပ်များက အကြောင်းမဲ့ မီးဝင်ရှို့ကာ ဒေသခံပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့သည် ကိုင်းလယ်အုပ်စု၊ စမ်းရေခုံရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့နေ‌ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

” သူတို့က ကျတော်တို့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်နေတယ်ထင်တဲ့ရွာတိုင်းကို မီးရှို့ဖျက်ဆီးနေတာပါ။ ပြည်သူအချို့လည်းအဖမ်းခံရတာရှိတယ်။ ဖုန်းတွေလည်း သိမ်းထားကြတယ်ဗျ။ ဒေသခံတွေနဲ့အနီးအနားက ရွာသားတွေပါ ထွက်ပြေးနေကြရတယ်။ အခုက မီးက မငြိမ်းသေးသလို သူတို့လဲ ရှိနေတော့ အိမ်ခြေဘယ်လောက်ပါမလဲမသိရပေမယ့် ရွာလုံးကျွတ်နီးပါးကို ရှို့နေတာပါ”ဟု Successful Force – Pauk အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စမ်းရေခုံကျေးရွာသည် ပေါက်မြို့နှင့် ၅ မိုင်ခန့် အကွာတွင်တည်ရှိပြီး အိမ်ခြေပေါင်း ၁၀၀ ကျော်ဝန်းကျင်ခန့်ရှိကြောင်းဒေသခံများထံမှသိရသည်။