ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်

ဂျပန်နိုင်ငံရှိ Yokogawa Bridge Corp. က ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ စီမံကိန်းတစ်ခုအတွက် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သို့ ဒေါ်လာတစ်သန်း လွှဲပြောင်းပေးခဲ့တယ်လို့ လူ့အ ခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေ စနစ်တကျ ကျူးလွန်ခဲ့တဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အကျိုးဖြစ်ထွန်းစေတဲ့ လူသားချင်းစာနာမှုမ ဟုတ်သော အကူအညီတွေပေးအပ်တာ ဂျပန်အစိုးရက ရပ်ဆိုင်းသင့်ပြီလို့ HRW က ပြောပါတယ်။

Yokogawa Bridge Corp. အပါအဝင် ဂျပန်ကုမ္ပဏီတွေက မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့လုပ်ငန်းတွေ နဲ့ စီးပွားရေးဆက်ဆံမှု အဆုံးသတ်ရေး ဂျပန်အစိုးရက လုပ်ဆောင်သင့်တယ်လို့ HRW က ဆိုပါတယ်။

ဂျပန်အစိုးရက အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထိထိရောက်ရောက် ငွေ ကြေးပံ့ပိုးခဲ့ပါတယ်။ ဂျပန်အစိုးရက စစ်ကောင်စီသို့ လူသားချင်းစာနာမှုမဟုတ်သော အကူအညီတွေပေးအပ်တာ ရပ်ဆိုင်းသင့်ပြီလို့ HRW ရဲ့ အာရှဆိုင်ရာ အစီအစဉ်အရာရှိ Teppei Kasai က ပြောပါတယ်။

ရန်ကုန်မြို့ရှိ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလ အတွင်း Yokogawa Bridge Corp. က MEC သို့ ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် ပေးခဲ့တယ်လို့ HRW က ဆိုပါတယ်။

အဲဒီငွေတွေကို မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ်ရှိ MEC ဘဏ်အကောင့်ထဲသို့ ဂျပန်နိုင်ငံရှိ Mizuho ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံသို့ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းမှာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဒေါ်လာ သန်း ၂၄၀ ပါဝင်ပါတယ်။

Yokogawa Bridge Corp. က ပဲခူးမြစ်ကူးတံတား တည်ဆောက်ဖို့ ၂၀၁၉ ခုနှစ် မတ်လအတွင်း သဘော တူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပဲခူးမြစ်ကူးတံတား တည်ဆောက်မှုကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှာ ပြန်လည်စတင်ခဲ့ပြီး Yokogawa Bridge Corp. ရဲ့ MEC ထံ ငွေလွှဲပြောင်းမှုက ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကြား ငွေလွှဲပြောင်းပေးမှုဖြစ်တာကြောင့် ဂျပန် အစိုးရက ရှင်းပြနိုင်တဲ့ အခြေအနေမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ဂျပန်အစိုးရက မြန်မာစစ်တပ်ကို ငွေကြေးပံ့ပိုးတာ ရပ်တန့်သင့်ပြီး အဲဒီအစား မြန်မာပြည်သူတွေကို ကူ ညီပေးသင့်ပါတယ်။ ဂျပန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ထောက်ပံ့ပေးသူ မဖြစ်သင့်ပါဘူး လို့ Teppei Kasai က ပြောပါတယ်။

ကိုးကား – HRW
Ref; Myanmar: Japans Construction Aid Benefits Junta