ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်ရှိ လက်ယက်ကုန်း ရွာကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၈ နှာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်က ဒုတိယအကြိမ် မီးဝင်ရှို့ကြောင်း သတင်း ရရှိသည်။
အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီ တပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ လက်ယက်ကုန်း အပါအဝင် အခြား အနီးနားရှိ ကျေးရွာများကိုလည်း မီးဝင်ရှို့ကြောင်း ဒေသ ကာကွယ်ရေး အဖွဲ့က ပြောသည်။
သူတို့က အခုသိရတာက လက်ယက်ကုန်းရွာ မြောက်ဘက်ကို ဝင်ရှို့နေတာဗျ၊ အခု ဒုတိယ အကြိမ်ပါ၊ လက်ရှိ ရှို့နေဆဲ ဖြစ်တာကြောင့် ဘယ်လောက် မီးထဲပါသွားလဲတော့ မသိရသေးဘူးဗျ၊ သူတို့က ကျွန်တော်တို့ ပြည်သူတွေကို တော်လှန်ရေး စိတ်ဓာတ်ကျသွားအောင် လုပ်နေပေမယ့် ကျွန်တော်တို့က ဆက်ပြီး တော်လှန်နေကြမှာပါဟု Local Fighters Squad အဖွဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
လက်ရှိတွင် နေအိမ်များ မီးထဲပါသွားပြီး လေယာဉ်နှင့် ဗုံးကြဲခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရ၍ အခက်အခဲများကို ဝိုင်းဝန်း ကူညီပေးကြစေလိုသည် ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
လက်ယက်ကုန်း ကျေးရွာသည် အိမ်ခြေ ၃၅၀ ကျော်ရှိကာ ပြီးသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲတွင် စစ်ကောင်စီတပ် က စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲသောကြောင့် ကျောင်းသားလေးများနှင့် ပြည်သူများ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ ဒီဇင်ဘာ လလယ်တွင်လည်း အိမ်ခြေ ၁၉၀ နီးပါး မီးရှို့ခံခဲ့ရကြောင်းလည်း သိရသည်။