နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၂၄ ရက်

ဧရာဝတီတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီက တစ်ရွာကို ၁၀ ဦးနှုန်းတောင်းပြီး တပ်ထဲဝင်ဖို့ လူတောင်းနေသလို တစ်ရွာ ၁၀ ဦးမပေးနိုင်ရင် ရွာကိုမီးရှို့မယ်ဆိုကာ ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အားလျော့နည်းလာတာနဲ့အတူ ကျေးရွာတွေက ပြည်သူ့တွေကို ဖိအားပေးပြီး တပ်သားသစ်စုဆောင်းကာ အင်အားဖြည့်တင်းဖို့အတွက် စစ်ကောင်စီက စီစဉ်နေတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေက ပြောပါတယ်။

“ သူတို့က မြို့ပေါ်မှာ လုံခြုံရေးယူဖို့တောင် စစ်သားအင်အားမရှိတော့လို့ ခုလိုမြို့နဲ့မလှမ်းမကမ်းက ကျေးရွာ တွေမှာ သူတို့တပ်ထဲဝင်ဖို့ ဖိအားပေးလူစုနေတာ၊ သူတို့ တပ်ထဲဝင်ဖို့ ငြင်းဆန်းရင် ရွာတွေ မီးရှို့မယ်ဆိုပြီး ကြိမ်းမောင်းတာမျိုးတွေလည်းရှိတယ်”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အရင်တုန်းကလို အကြောက်တရားနဲ့ အုပ်ချုပ်လို့ရမယ်ထင်နေပြီး လက်ရှိမှာ ပြည်သူတွေက အခွင့်အရေးမရသေးလို့သာ ငြိမ်ခံနေတယ်ဆိုတာ မေ့နေသလို သတ္တိရှိရင် စစ်မှုမထမ်း မနေရ အမိန့်ထုတ်စေချင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ်တွေကို ကရင်နဲ့ ကရင်နီပြည်နယ်တွေကို ရှေ့တန်းလွှတ်ထားရ တာကြောင့် မြို့ပေါ်လုံခြုံရေးဆောင်ရွက်ဖို့အတွက် ပြည်သူ့စစ်တွေနဲ့ သတင်းပေးတွေကိုသာ အဓိက အသုံးပြု နေရပြီး အရေးကြီးလုံခြုံရေးစောင့်ရတဲ့ နေရာတွေမှာသာ စစ်ကောင်စီတပ်သားတွေကို အသုံးပြုနိုင်တော့အထိ အင်အား လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။