ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်း ရဲတပ်ဖွဲ့နဲ့ စည်ပင်က ဝန်ထမ်းတွေ ပေါင်းကာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို တားဆီးဖမ်းဆီးပြီး အဖမ်းမခံတဲ့အခါ ဖိနပ်နဲ့ပါ ပါးရိုက် တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြောင်းမြ-လပွတ္တာကားလမ်း မြောင်းမြမြို့အထွက်မှာ စောင့်ကာ ဖမ်းဆီးနေတာဖြစ်ပြီး နယ်ကလာတဲ့ ဒေသခံ တွေ အဖမ်းမခံဘဲ ပြန်လှည့်မောင်းတဲ့အခါ အသင့်စောင့်နေတဲ့ စည်ပင်ဝန်ထမ်းက ဖိနပ်နဲ့ ပါးလိုက်ရိုက်တာ တွေ ဆိုင်ကယ်လက်ကို ဆွဲတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“မြို့အထွက်မှာစောင့်ဖမ်းတာ ယာဉ်ထိန်းရဲကတစ်နေရာကစောင့်တယ်၊ စည်ပင်ကကောင်က အကွယ်က စောင့်တယ်၊ ယာဉ်ထိန်းရဲတွေ့လို့ ပြန်လှည့်မောင်းလာရင် ဒီကောင်က ခရားမှုတ်တားတယ်၊ ရပ်မပေးရင် ဖိနပ်နဲ့ ပါးရိုက်တာ၊ ပြီးတော့ ဆိုင်ကယ်လက်ကိုပါ လိုက်ဆွဲတာလုပ်နေတာ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ယာဉ်ထိန်းရဲကိုတွေ့လို့ ပြန်လှည့်လာတဲ့ ကလေးငယ်ပါတဲ့ ဆိုင်ကယ်ကို ဆိုင်ကယ်လက်ကိုဆွဲတဲ့အချိန်မှာ ပတ်ဝန်းကျင်က ပြည်သူတွေက အော်လို့ လွှတ်ပေးလိုက်တာမျိုးတွေလည်းရှိပြီး အခြေအနေအတော်လေး ဆိုးရွာနေတယ်လို့ ဆိုပါတယ်။
ရုံးပိတ်ရက်တွေမှာလည်း ခုလိုမျိုး ယာဉ်ထိန်းနဲ့ စည်ပင်ပေါင်းပြီး ဆိုင်ကယ်ဖမ်းလေ့ရှိပြီး ရုံးပိတ်ရက်ဖြစ်ပေမယ့် တရားရုံးတင်ရမှာဖြစ်တာကြောင့် ဒဏ်ငွေ ၁၅၀၀၀ အတင်းတောင်ကာ ချလံဖြတ်ပေးတာမျိုးတွေပြုလုပ်ပြီး ငွေကိုသူတို့ကို အတင်းပေးရမယ်ဆိုကာ တောင်းခံတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယာဉ်ထိန်းရဲက ဆိုင်ကယ်တွေလိုက်ဖမ်းပေးတဲ့ စည်ပင်ဝန်ထမ်းကို အားလုံးပြီးဆုံးတဲ့အခါ ပိုက်ဆံဝေစုခွဲပေး လေ့ရှိတယ်လို့ ဆိုပါတယ်။
#Ayeyarwaddy_Times