ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
ကြားဖြတ်နားထောင်နိုင်တဲ့ သူလျှိုဆော့ဝဲလ် ဝယ်ယူရေးနဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ အစ္စရေး နည်း ပညာကုမ္ပဏီ Cognyte တို့ကြား သဘောတူညီချက်တစ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေပြီး အာဏာ သိမ်းစစ်ကောင်စီရဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေကျူးလွန်ဖို့ အစ္စရေးကုမ္ပဏီက ကူညီနေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။
စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ လေးတင် အစ္စရေးနိုင်ငံမှ Cognyte Software က မြန်မာနိုင်ငံသို့ ကြားဖြတ်နားထောင်နိုင်တဲ့ဆော့ဝဲလ် ရောင်းချဖို့ တင်ဒါရရှိခဲ့တယ်လို့ Justice for Myanmar က ဆိုပါတယ်။
သူလျှိုဆော့ဝဲလ်ကြောင့် စစ်ကောင်စီက ဖုန်းခေါ်ဆိုမှုတွေကို နားထောင်နိုင်သလို မက်ဆေ့နဲ့အီးမေးလ် တွေကို ဖတ်ရှုနိုင်ပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ အကူအညီမလိုအပ်ပဲ အင်တာနက်အသုံးပြု သူရဲ့နေရာကို သိရှိနိုင်မှာဖြစ်ပါတယ်။
နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ဖို့ အာဏာသိမ်းစစ်ကောင်စီက နည်းပညာကို အသုံးပြုနေ တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ လေ့လာသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ပြောပါတယ်။
အစ္စရေးနိုင်ငံမှ သူလျှိုဆော့ဝဲလ်ကြောင့် အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေရဲ့ စကားပြောဆိုမှုကို နားထောင် သို့မဟုတ် မှတ်တမ်းတင်နိုင်မယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူ ဉီးကျော်စောဟန်က ပြောပါတယ်။
စစ်တပ်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ပြည်သူတွေရဲ့ ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်နားထောင်နိုင်တာကြောင့် ဖမ်းဆီးတာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာနိုင် တယ်လို့ သူက ဆိုပါတယ်။
Cognyte နဲ့ စစ်တပ်ကြား သဘောတူညီချက်အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ Justice for Myanmar က အစ္စရေးအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – RFA
Ref; Reported spyware deal implicates Israeli firm in Myanmar juntas crimes, critics say