ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂၄ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက်ခမရ ၅၉၁ တပ်ရင်းအား ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်က YEဘီလူးအဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ(၅၉၁)တပ်ရင်းအား YEဘီလူးအဖွဲ့၏ ပထမဆုံးဒရုန်းမစ်ရှင်အနေဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားထိခိုက်ဒဏ်ရာရမှုအား အတည်မပြုနိုင်သော်လည်း ဒရုန်းအားလုံခြုံစွာပြန်လည် ထိန်းချုပ်ခေါ်ယူနိုင်ခဲ့ကြောင်း YEဘီလူးအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ YEဘီလူးအဖွဲ့ရဲ့ ပထမဆုံးဒရုန်းမစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ ဒရုန်းကိုလည်း လုံခြုံရာကိုပြန်လည်ခေါ်နိုင်ခဲ့တယ်။ အခုမစ်ရှင်မှာတော့ ဒရုန်းနဲ့ဗုံးသီးတစ်လုံးပဲချပြီး တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတပ်ရင်းမှာက စစ်ကောင်စီတပ်သားအင်အားများတယ်” ဟု YEဘီလူးမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုအား ပထမအကြိမ်အောင်မြင်စွာလုပ်နိုင်ခဲ့ပြီးနောက် ပိုမိုထိရောက်သည့် နောက်ထပ်ဒရုန်းမစ်ရှင်များဖြင့် စစ်ကောင်စီအား တိုက်ခိုက်သွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ရေးမြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်ကလည်း YEဘီလူးအဖွဲ့မှ ရေးမြို့၊ အဏ္ဏဝါ နှင့် နန္ဒာ (၂) ရပ်ကွက်ပိုင် နယ်ထိန်းဟိန်းသူရအား သေနတ် ၁၆ ချက်ခန့်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။