ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို ဒီကနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) မနက်အစောပိုင်းက ဒေသခံ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စုအတွင်းက ယူမာအဲဗားတာဝါတိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့မနက် ၅ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“PDF နဲ့ KIA တပ်တွေက စစ်ကောင်စီစခန်းကို ဝင်တိုက်တာ။ တိုက်ပွဲအခြေအနေ တိတိကျကျတော့ မသိရသေးဘူး။ ပစ်ခတ်မှုက နာရီဝက်လောက်ကြာတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်အကြာမှာ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၈ နာရီလောက်မှာ ဖားကန့်ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ်ကား ၅ စီးနဲ့ အင်အားလာဖြည့်တင်းဖို့ လုပ်ဆောင်နေတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။