ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်ရုံးဝန်းအတွင်း ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မီးသတ်ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီလက်အောက်ခံ မီးသတ်ဒုတပ် ကြပ် လပြည်ဝန်းဆိုသူသေဆုံးခဲ့ပြီးမီးသတ်ဝန်ထမ်း ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော့သောင်းဒေသခံများကပြောသည်။

“မနေ့က ၁၀ နာရီခွဲလောက်မှာဖြစ်တာ အသံကအကျယ်ကြီးပဲ တစ်မြို့လုံးနီးပါးကြားရတယ်။ မြို့ကလူတွေက ဗုံးပေါက်တယ် ထင်ကြတာ ဂက်စ်အိုးပေါက်တယ်လို့တော့ပြောကြတယ်။ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး ပရဟိတကားတွေရောက်လာပီး ဆေးရုံသယ်သွားကြတာ” လို့ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တစ်စုံတစ်ရာ လုံခြုံရေးယူ၍ စစ်ဆေးဆောင်ရွက်မှုမရှိကြောင်း မြို့ခံများထံကသိရသည်။

သေဆုံးသွားသူ မီးသတ်ဝန်ထမ်း လပြည့်ဝန်းကို ယနေ့ နေ့လည်ပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးအနက်မှ ၁ ဦးမှာ ဆေးရုံပို့ဆောင်ထားရကာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းသိရသည်။