ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ပုသိမ် – ချောင်းသာ ကားလမ်းမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ခရီးသည် တင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသည်တင်ကားက ပုံမှန် ပြေးဆွဲနေကျ ဒေသတွင်း လိုင်းကား မဟုတ်ဘဲ တခြားနေရာကနေ ငှားရမ်းလာတဲ့ လိုင်းကားဖြစ်တာကြောင့် လမ်းမကျွမ်းကျင်လို့ တိမ်းမှောက်တာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားက ပုသိမ်-ချောင်းသာ ပြေးဆွဲနေတဲ့ကားတော့ မဟုတ်ဘူး၊ တခြားနေရာက လာတဲ့ကားမျိုး၊ လမ်း မကျွမ်းလို့ မှောက်တာမျိုးနေမယ်။ လမ်းပေါ်မှာ ကန့်လန့်ဖြတ် လဲနေတာ တွေ့ခဲ့တယ်”လို့ မျက်မြင်တွေ့ရှိသူ ခရီးသွား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူထိခိုက်သေဆုံးတာမျိုး မရှိပေမယ့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားတချို့ ပွန်းပဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

နာမည်ကျော် ချောင်းသာကမ်းခြေကို သွားရောက်တဲ့ ပုသိမ် – ချောင်းသာ ကားလမ်းဟာ လမ်းကျဉ်းမြောင်းပြီး လမ်းမကောင်းတာကြောင့် ခရီးသွားများတဲ့ ရုံးပိတ် ရက်တွေမှာ သတိထားသွားလာသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
………………………………………………………………..
Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။