ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့ညက ထောင်တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသူ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို ပုသိမ်မြို့နယ်တရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထောင်ဒဏ် ၆ လချမှတ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို သိမ်မြို့၊ အမှတ်(၃) ရပ်ကွက်က နေအိမ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၂ပတ်ကျော်အကြာမှာ အကျဥ်းထောင်ဥပဒေ ပုဒ်မ (၄၂)ဖြင့် ထောင်ဒဏ် ၆ လချမှတ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
” ပုသိမ်မြို့မစခန်းအချုပ်ကနေ မြတ်တိုတရားရုံးမှာရုံးထုတ်ပြီးအကျဥ်းထောင် ဥပဒေ (၄၂)တားမြစ်ပိတ်ပင်ထားသောပစ္စည်းများအကျဉ်းထောင်အတွင်းသို့ ထုတ်သွင်းခြင်း ဆက်သွယ်ခြင်းများပြုလုပ်တယ်ဆိုပြီးထောင်ဒဏ် ၆ လချလိုက်တာပဲ။ အဓိကကတော့သူကဖုန်းကိုထောင်ထဲသွင်းတဲ့တရားခံဆိုပြီးတော့ပေါ့”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်ထောင်ဖြစ်စဥ်မှာ ပါ၀င်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား အချို့ကိုလည်း တားမြစ်ပစ္စည်းများ အကျဥ်းထောင်တွင်း တင်သွင်းမှုနဲ့ အမှုဖွင့်ထားပြီး နိုင်ငံရေးအကျဥ်းသားမိသားစု၀င်အချို့ကိုလည်း စစ်ကောင်စီကလိုက်လံဖမ်းဆီးနေတာကြောင့်ရှောင်တိမ်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒါကတော့ လုပ်ဇာတ်ကြီးပါ။ ထောင်ဆူတာဖုန်းမိလို့ ဆိုပြီး စစ်ကောင်စီကထုတ်ပြန်ထားတယ်လေ။ မစန္ဒာအေးက ထောင်ထဲကိုဖုန်းယူဖို့ သွင်းပေးရအောင်သူက သာမန်အရပ်သားတစ်ယောက်ပဲ။ ထောင်ထဲကို မုန့်တစ်ထုပ်တောင် လွယ်လွယ်နဲ့ပို့လို့မရတာလူတိုင်းသိနေတာပဲ”
လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။
ပုသိမ်ထောင်အဓိကရုဏ်းဖြစ်စဥ်မှာ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များက ပုဒ်မ ၄၂ နဲ့ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရပါတယ်။
#ပုသိမ်ထောင် #နိုင်ငံရေးအကျဥ်းသား #ကိုဝင်းထွန်းနိုင် #ဇနီး #ထောင်ဒဏ်
#Ayeyarwaddy_Times
………………………………………………………………..
Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။