ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး/ဒု-ဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အား ဇန်နဝါရီလ ၂၂ ရက်နေ့က တောင်ငူခရိုင်ရှိ PDF ပူးပေါင်းတပ်ဖွဲ့များက လက်ရဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံသဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
PDF တပ်များက အသေပစ်ခတ်ရှင်းလင်းခဲ့သည့် ဗိုလ်မှူး/ဗိုလ်မှူးကြီး သန်းထွဋ်မှာ ရန်ကုန် ၉ မိုင်ခွဲပြည်လမ်းရှိ အမှတ် (၁)၊ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် စစ်ကြောရေးတာ၀န်ခံ စရက(၁) တပ်မှူးဖြစ်ပြီး တပ်ကြပ်ကြီး မြင့်အောင်မှာ ပဲခူးတိုင်းဘက်မှ စစ်ကြောရေးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
၎င်းတို့ ၂ ဦး စလုံးမှာ မြေအောက်တော်လှန်ရေးအင်အားစု UG လူငယ်များနှင့် PDF များကို အသွင်ယူလိုက်လံ ဖမ်းဆီးသလို ဖမ်းမိလာသည့် UG လူငယ်များနှင့် PDF များကို စစ်ကြောရေးစခန်းများတွင် လက်စွမ်းပြ ညှဉ်းပန်းနှိပ်စက်နေသူများဖြစ်ကြောင်း ရန်ကုန်တိုင်းရှိ တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“ဗိုလ်မှူး သန်းထွဋ်က ရန်ကုန်တိုင်းက၊ တပ်ကြပ်ကြီး မြင့်အောင်က ပဲခူးတိုင်းဘက်က။ ဗိုလ်မှူး သန်းထွဋ်က စစ်ကြောရေးစခန်းတာဝန်ခံဖြစ်တာ မကြာသေးဘူး။ သူ့တာဝန်က UG တွေ PDF တွေကို အသွင်ယူပြီး လိုက်ဖမ်း၊ မိရင် သူကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ပြီးစစ်တာ။ စစ်ကြောရေးမှာ လက်စွမ်းပြနေတဲ့သူလို့ ပြောလို့ရတယ်။ သူဖမ်းတာ ဆီးတာတွေက အလုပ်ဖြစ်တာတွေရှိတော့ အထက်က (စစ်တပ်ခေါင်းဆောင်ပိုင်း) သူ့ကို အားကိုးတယ်၊ သူကလည်း အထက်ကိုပိုင်တယ်ဆိုပြီး တပ်ထဲမှာတောင် လူပါး၀နေတာ။ အဲတော့ သူ့ကိုအချင်းချင်းတောင် အမြင်မကြည်ဘူး” ဟု ရန်ကုန်တိုင်းရှိ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူး/ဒုဗိုလ်မှူးကြီး သန်းထွဋ်မှာ ရန်ကုန်တိုင်းရှိ မြေအောက်တော်လှန်ရေး အင်အားစု UG များနှင့် PDF ကွန်ယက်များထဲသို့စိမ့်ဝင်ကာ PDF ကဲ့သို့ဟန်ဆောင်၍ မစ်ရှင်လုပ်ရန် လက်နက်ဝယ်လိုကြောင်း လိုက်လံ ချဉ်းကပ်၍ ဖမ်းဆီးနေသူဖြစ်ကြောင်း တောင်ငူခရိုင် PDF တပ်ဖွဲ့က ပြောသည်။
“သူက UG တွေဆီကို လက်နက်၀ယ်မယ်ဆိုပြီး အသွင်ယူ ဖမ်းဆီးမှုတွေလုပ်နေတဲ့သူ၊ ပြီးရင် သတင်းကွင်း ဆက်လိုက်ပြီး ဖမ်းဆီးမှုတွေ လုပ်နေတာ”ဟု တောင်ငူခရိုင် PDF တပ်ဖွဲ့၀င်ရဲဘော်တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး/ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့တို့က သတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာသည့် ဗိုလ်မှူး/ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ စီးနင်းလာသောကားကို PDF များက ဖုန်းဆက်၍ ရပ်တန့်စေခဲ့ပြီး ကားရပ်ချိန်တွင် PDF ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးစဉ် ၎င်းတို့ဘက်မှ စတင်ပစ်ခတ်သဖြင့် PDF တပ်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရသည့် ဗိုလ်မှူး/ဒုဗိုလ်မှူးကြီးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသည့် အမျိုးသား ၂ ဦးကို PDF တပ်များက စစ်ဆေးရန် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ခေါ်ဆောင်လာစဉ် အဆိုပါ အမျိုးသား ၂ ဦးက သေနတ်များလု၍ ထွက်ပြေးရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ဖြစ်စဉ်တွင် ကားပေါ်၌လိုက်ပါလာသူ ဗိုလ်မှူး/ဒုဗိုလ်မှူးကြီးသန်းထွဋ်၊ တပ်ကြပ်ကြီး မြင့်အောင်နှင့် ကားပေါ်လိုက်ပါလာသူ အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး သေဆုံးသူစစ်ကောင်စီတပ်သား(၂)ဦးထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့စီးနင်းလာသော မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF တပ်များက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ တို့မှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။