နွေဦးမောင်/ဧရာဝတီတိုင်းမ်
(အိမ်မဲ)၊ ဇန်နဝါရီလ ၂၃ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ကညင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောနေမူးနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကညင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောနေမူးကို နေအိမ်မှာလာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာ ကြောင့် စောနေမူးရဲ့ ဇနီးဖြစ်သူ ဒေါ်အိဖြူနဲ့ သားဖြစ်သူ ကလေးတစ်ဦးနဲ့ အိမ်ကိုအလည်လာတဲ့ အမျိုးသမီးတို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စောနေမူးကို မတွေ့လို့ အိမ်မှာရှိတဲ့ သူ့မိန်းမနဲ့ ကလေးကိုဖမ်းသွားတာ အဲ့မှာ အိမ်ကိုအလည်လာတဲ့ အမျိုးသမီးတစ်ဦးပါ အဖမ်းခံလိုက်ရတာ စေနေမူးကို တခြားရွာမှာ ဝင်ဖမ်းသွားတာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကညင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောနေမူးကို စစ်ကောင်စီတပ်က နေအိမ်ဝင်ရောက်စီးနင်းတဲ့ ညပိုင်း မှာပဲ ရွာသစ်ကြီးကျေးရွာမှာ ဝင်ဖမ်းသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အိမ်ကိုလာလည်တဲ့ အမျိုးသမီးနဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကညင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောနေမူးနဲ့ ဇနီးဖြစ်သူ စစ်ကောင်စီတပ်က ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို ခုချိန်ထိ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။