ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇန်နဝါရီလ ၂၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ကား ၅ စီးပါ ယာဉ်တန်းကို၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင်ကင်းပုန်းလာဝပ်သည့် ပျူစောထီးများကို တိုက် ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြိုင် (ပကဖ)ထံကသိရသည်။

ပခုက္ကူဘက်မှမြိုင်ဘက်သို့မောင်းနှင်လာသည့် အဆိုပါ စစ်ယာဉ်တန်းအား တွင်းမရွာအနီးတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးရာ စစ်ကောင်စီတပ်အရာရှိ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး သရက်ကန်ပျူစောထီးစခန်းနှင့်ကိုင်းတောမစခန်းအကြားတွင် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင်(ပကဖ) သိရသည်။

“မြိုင်စက်မှု ၂ ဘက်ကိုထွက်လာတာ၊ ကား ၅ စီးပါတဲ့စစ်ကောင်စီယာဉ်တန်းကိုတိုက်ခိုက်ခဲ့တာပါ၊ စစ်ဗိုလ်တစ်ဦးနှာခေါင်းပြတ်ဒဏ်ရာရပြီး တွင်းမစခန်းမှာ ဆေးထည့်သွားတယ်လို့သိရတယ်၊ အဲ့ဒီကနေဆက်ထွက်လာတဲ့ယာဉ်တန်းတွေကိုဘဲ ကြိုတင်စောင့်ဆိုင်းပြီး ရှေ့ထွက်မိုင်း ၃ လုံး၊ လခြမ်းမိုင်း ၁၀ လုံးနဲ့ထပ်ဆွဲတာထိခိုက်ဒဏ်ရာရတာများတယ်၊ ဖောကားတစ်စီးပျက်စီးပြီး ကိုင်းတောမစခန်းကလာယူသွားတယ်” ဟု မြိုင် (ပကဖ) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက် ယမန်နေ့ကလည်း တွင်းမရွာအနီး ကင်းပုန်းဝပ်ရန်လာသည့် ပျူစောထီးများအား ဒရုန်းဖြင့် အီနာဂါဗုံးသီးချတိုက်ခိုက်ခဲ့ရာ ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာပင် စစ်ကောင်စီမှ ဗဟင်းတိုက်နယ်ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အတွက် လက်တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် မြိုင်(ပကဖ)ပူးပေါင်းအဖွဲ့များမှ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။