ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး/ဒု-ဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အား ဇန်နဝါရီလ ၂၂ ရက်နေ့က PDF ပူးပေါင်းတပ်ဖွဲ့များက လက်ရဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံသဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန် တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး/ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့တို့က သတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာသည့် ဗိုလ်မှူး/ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ စီးနင်းလာသောကားကို PDF များက ဖုန်းဆက်၍ ရပ်တန့်စေခဲ့ပြီး ကားရပ်ချိန်တွင် PDF ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးစဉ် ၎င်းတို့ဘက်မှ စတင်ပစ်ခတ်သဖြင့် PDF တပ်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက UG တွေဆီကို လက်နက်၀ယ်မယ်ဆိုပြီး အသွင်ယူ ဖမ်းဆီးမှုတွေလုပ်နေတဲ့သူ၊ ပြီးရင် သတင်းကွင်း ဆက်လိုက်ပြီး ဖမ်းဆီးမှုတွေ လုပ်နေတာ။ သူတို့ထွက် လာမှာကို YUA အဖွဲ့ရဲ့သတင်းပေးချက်အရ စောင့် ဆိုင်းပြီး လာတဲ့အချိန်မှာ ကားကိုတားတဲ့အချိန်မှာ သူတို့ဘက်က စပစ်တာ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး သူတို့ကို မိတာ။ သူတို့နဲ့နောက်နှစ်ယောက်လည်းပါတယ်။ စစ်မေးဖို့ခေါ်တဲ့အချိန်မှာ သေနတ်လုပြေးလို့ ပစ်ခတ် ဖမ်းဆီးလိုက်ရတယ်”ဟု တပ်ဖွဲ့၀င်ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရသည့် ဗိုလ်မှူး/ဒုဗိုလ်မှူးကြီးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသည့် အမျိုးသား ၂ ဦးကို PDF တပ်များက စစ်ဆေးရန် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ခေါ်ဆောင်လာစဉ် အဆိုပါ အမျိုးသား ၂ ဦးက သေနတ်များလု၍ ထွက်ပြေးရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သိရသည်။

ဗိုလ်မှူး/ဒုဗိုလ်မှူးကြီးသန်းထွဋ်မှာ ရန်ကုန် ၉ မိုင်ခွဲပြည်လမ်းရှိ အမှတ် (၁)၊ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် စစ်ကြောရေးတာ၀န်ခံ စရက(၁) တပ်မှူးဖြစ်ပြီး UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသူဖြစ်သည်ဟု PDF တပ်များက ပြောသည်။

ယမန်နေ့ဖြစ်စဉ်တွင် ကားပေါ်၌လိုက်ပါလာသူ ဗိုလ်မှူး/ဒုဗိုလ်မှူးကြီးသန်းထွဋ်၊ တပ်ကြပ်ကြီး မြင့်အောင်နှင့် ကားပေါ်လိုက်ပါလာသူ အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး သေဆုံးသူစစ်ကောင်စီတပ်သား (၂)ဦးထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့စီးနင်းလာသော မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF တပ်များက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ တို့မှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#စရက ၁ #စစ်ကြောရေးတာဝန်ခံ #ပစ်သတ်ခံရ #PDF #Ayeyarwaddy_Times