ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ် ဖာရ်ထောက်ရပ်ကွက်ရှိ အထက (၁) တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို ချင်းအမျိုးသားတပ်မတော် – CNA က ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သတ်၍ စစ်ကောင်စီက အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး သေဒဏ်အထိ ပြစ်ဒဏ်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ထားကာ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် တရားရုံးတင်မည်ဖြစ်ကြောင်း သိရသည်။

“ဖလမ်းပစ်ခတ်မှုနဲ့ပတ်သတ်ပြီး ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဆက်ဖမ်းထားတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ရုံးထုတ်မယ်လို့ ပြောတယ်။ စစ်တပ်က ဖမ်းထားတာက အဲဒီပစ်ခတ်မှုဖြစ်တဲ့လမ်းထဲက လူတွေ။ ဒီကိစ္စက သူတို့နဲ့ ဘာမှ မဆိုင်ဘူး။ သူတို့အိမ်တွေရှေ့မှာ ကျည်ဆံအခွံတွေတွေ့လို့ဆိုပြီး ဖမ်းပြီးတော့ အမှုဖွင့်တာ”ဟု ဖလမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖလမ်းပစ်ခတ်မှုဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေပိုင်းမှာပင် စစ်ကောင်စီက အသက်မပြည့်သော ကလေးငယ်အပါအဝင် ဒေသခံ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ကလေးအမေတစ်ဦးအပါအဝင် ဒေသခံ ၂၀ ကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် အထက်တန်းပြအငြိမ်းစား ကျောင်းဆရာမ ရန်းနွမ် (Ram Nuam)၊ ဒေါ်နိန်ကစ်ပါ (Nei Kip Par)၊ ဦးတင်မုံ (Tin Mom)၊ ကိုသားငယ်နှင့် ကိုဟရန်လျန်အော် (Hrang Lian Awi) တို့ကို စစ်ကောင်စီက စစ်ကောင်စီက ဖလမ်းမြို့မရဲစခန်းတွင် ဆက်လက်ဖမ်းဆီးကာ အမှုဖွင့်တရားစွဲခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဖလမ်းပစ်ခတ်မှုဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သို့မဟုတ်ပါက မိမိတို့အနေဖြင့် ပြင်းထန်စွာ ပြန်လည် တုန့်ပြန်သွားမည်ဟု CNO/CNDF က ကြေညာချက် ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၄ သည် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် နိုင်ငံရေးအင်အားစုများအပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးများက သေဒဏ်ချမှတ်ထားသည့် ဥပဒေပုဒ်မတစ်ခုဖြစ်သည်။