ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်ရှိ ငွေတောင်စားသောက်ဆိုင်မှ စားပွဲထိုးနှင့် ဆိုင်မန်နေဂျာတို့မှာ PDF ရဲဘော်တစ်ဦးကို ယမန်နေ့က သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများကို လုံခြုံရေးချထားပြီး ဆိုင်နှင့် အနီးပတ်၀န်းကျင်တွင် ၀ပ်ကင်း၊ ရပ်ကင်း၊ လှည့်ကင်းများဖြင့် အင်အားအများအပြား ချထားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် ငွေတောင်ဆိုင်ဘေးရှိ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန် UG ရဲဘော် ၂ ဦးမှ ဗုံးပစ်တိုက်ခိုက်စဉ် ငွေတောင်ဆိုင် မှ ၀န်ထမ်းများမှ လိုက်လံဖမ်းဆီးရာ ရဲဘော်တစ်ဦးကို ဖမ်းမိခဲ့ပြီး ဝိုင်းရိုက်နှက်ခဲ့ရာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဆိုင်က ၀န်ထမ်းတွေက အူယားဖားယားပြေး လိုက်ဖမ်းကြတာ ရဲဘော်လေး ၂ ယောက်ကို တစ်ယောက်ကလွတ်သွားတယ်။ တစ်ယောက်ကိုမိတော့ အသေပဲဝိုင်းရိုက်ကြတာ။ ရဲဘော်လေးက အသံဗုံးနဲ့ ဖောက်ပြီးခြောက်တာတောင် မရဘူး ပြေးလိုက်ကြတာ။ တခြား သူခိုးဓားပြလူမိုက်ဆိုရင်တောင် ခုလို လုပ်ပေးမှာ ကူညီမှာမဟုတ်ဘူး။ ခုတော့ အဲဒီဆိုင်ကို လုံး၀လှည့်ကိုမကြည့်ချင်တော့တာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ငွေတောင်စားသောက်ဆိုင်ကို ရန်ကုန်မြို့ပြ ပျောက်ကျားအဖွဲ့များမှ သတိပေးစာများ အသီးသီး ထုတ်ပြန်သတိပေးထားပြီး ပြည်သူများအနေ​ဖြင့်လည်း ရှောင်ရှားရန် အသိပေး ထုတ်ပြန်ထားသည်။

သတိပေးစားများထုတ်ပြန်ပြီးနောက် ယနေ့ မနက်ပိုင်း မှစတင်၍ ဆိုင်နှင့် အနီးပတ်၀န်းကျင်နေရာများတွင် စစ်သားများမှ ကင်းပုန်း၀ပ်လျက်ရှိပြီး လုံခြုံရေးတင်းကြပ်စွာ လှည့်ကင်းများဖြင့်ပါ စစ်ဆေးစောင့် ဆိုင်းလျက်ရှိကြောင်းနှင့် ဆိုင်ကိုလည်းပိတ်ထားကြောင်း သိရှိရသည်။

“ဒီမနက် အဲဒီဆိုင်ကို စစ်သားတွေရော ရဲတွေရော ရောက်လာပြီး ကင်းပုန်းတွေရော မတ်တပ်ရပ်စောင့်နေတာတွေရော၊ ကားနဲ့လှည့်ပြီး ကင်းစောင့်တာမျိုး တွေရော အင်အားအများကြီးနဲ့ လုံခြုံရေးယူထားတာ။ ဆိုင်ကတော့ ပိတ်ထားတယ်။ ဒါမျိုးဘယ်လောက်ကြာ အောင်လုပ်နိုင်မှာလဲ။ သူတို့လာစောင့်တော့လည်း လာအုန်းတဲ့အခါ အကုန်သေတော့ ပိုကောင်းတာပေါ့ဗျာ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ငွေတောင်စားသောက်ဆိုင်ပိုင်ရှင် ဦးသန်း၀င်းနှင့် ဒေါ်တင်တင်ခိုင်တို့၏ သားဖြစ်သူ အောင်ခိုင်၀င်းသည် စစ်ကောင်စီတပ်တွင် ဗိုလ်ကြီးရာထူးအဆင့်ရှိ သူဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ Dark Shadow Ygn UG မှလည်း ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိ၀န်ထမ်းများသည် စစ်ကောင်စိီဘက်မှ ပူးပေါင်းပါ၀င်ရပ်တည်သည့် အတွက် မိမိတို့လုပ်ရပ်အတွက် တာ၀န်ယူရမည်ဖြစ် ကြောင်း သတိပေးစာ ထုတ်ပြန်ထားသည်။