ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၅၀ အချိန်၌ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၂ လုံးလာရောက်ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညကတော့ ညအချိန်မတော်ကို ဗုံးလာကြဲတာ။ အဆောက်အဦးတွေလည်း အပျက်အဆီးများတယ်။အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။ အချိန်မှီတော့ ဆေးခန်းရောက်အောင်ပို့နိုင်ခဲ့တယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ ညတွင်းချင်း နေရာပြောင်းရွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်မှ မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသည့် ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူနှင့် နေအိမ်ပျက်စီးမှုများကို မသိရသေးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၉ ရက်နေ့ညကလည်း မင်းတပ် – မတူပီလမ်းတနေရာရှိ လူနေအိမ်များအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်ဆီးမှုအများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတာဝန်ရှိသူများက ပြည်သူများအနေဖြင့် ကတုတ်ကျင်း၊ ဗုံးခိုကျင်းတွေ တူးထားကြရန် တိုက်တွန်းနှိုင်းဆော်ထားသည်။