ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇန်နဝါရီလ ၂၂ ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် စစ်ကောင်စီ စည်ပင် ဝန်ထမ်းများက ဒေသခံ ပြည်သူများ အပေါ် အခွန်ငွေများ တောင်းယူမှု ပြုလုပ်နေကြောင်း သိရသည်။
ကလိန်အောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ် အတွင်း အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်များတွင် အဆောက်အအုံ အမျိုးအစား အလိုက် ပစ္စည်းခွန်၊ အဆောက်အအုံ အခွန်များကို အခွန်နှုန်းထားများ သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း ကလိန်အောင်မြို့ စည်ပင် တာဝန်ခံ လက်မှတ်ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
အခွန်နှုန်းထားများကို နည်းဥပဒေ အခန်း (၂)၊ ပုဒ်မ (၂၄) ပုဒ်မခွဲ (က) (ခ) (ဂ) (ဃ) တို့အရ ကောက်ခံသွားမည် ဟုလည်း ဆိုသည်။
အခွန် ကောက်ခံမည့် အဆောက်အအုံ အမျိုးအစားများမှာ RC ၁ ထပ်၊ ၂ ထပ်၊ ၃ ထပ်၊ အုပ်ညှပ် ၁ ထပ်၊ ၂ ထပ်၊ ပျဉ်ထောင် ၁ ထပ်၊ ၂ ထပ် နဲ့ ယိုင်ကာ ၁ ထပ်များ ဖြစ်ပြီး ကောက်ခံမည့် နှုန်းထားမှာ ကျပ် ၁၀၀၀ ကနေ ၇၀၀၀ အထိ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။
ကလိန်အောင်မြို့ ဒေသခံတစ်ဦးကစစ်ကောင်စီက အခုလို အခွန်ကောက်ခံတာမျိုးဟာ ကျနော်တို့ လုံးဝ သဘော မကျဘူး။ သူတို့ ကောက်ခံတဲ့ ငွေကိုလည်း မထည့်ချင်ဘူး။ ဒါပေမယ့် အခုအချိန်မှာ ကျနော်တို့ ဆန့်ကျင်လိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာက ဥပဒေမဲ့ လုပ်ရပ်ပဲ ဖြစ်လာလိမ့်မယ်ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
အဆောက်အအုံ အမျိုးအစား အလိုက် အခွန်ကောက်ခံမည့် အမျိုးအစားနှင့် နှုန်းထားများကို ထုတ်ပြန်ချက်တွင် ပါရှိသည့် အတိုင်း ကောက်ခံသွားမည် ဖြစ်ပြီး ကန့်ကွက်လိုသူများရှိပါက ကြေညာချက် ထုတ်ပြန်သည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကလိန်အောင်မြို့ စည်ပင်ရုံးတွင် လာရောက် ကန့်ကွက်နိုင်သည် ဟုလည်း သိရသည်။
စစ်အာဏာ သိမ်းပြီးနောက် ရေဖြူမြို့နယ် အတွင်းရှိ လက်ရှိ လုပ်ကိုင်နေသော (Non CDM) ဝန်ထမ်းများမှာ အကျင့်ပျက် ခြစားမှုများ ပိုမိုများပြားလာပြီး ငွေကြေး တောင်းယူခြင်းများလည်း အရင်ကထက် ပိုမို များပြားလာကြောင်း ဒေသခံများက ပြောပြသည်။
အဆိုပါ စစ်ကောင်စီ လက်အောက်တွင် တာဝန် ထမ်းဆောင်နေသော ကလိန်အောင်မြို့ စည်ပင်သာယာရေး ဌာန တာဝန်ခံမှာ ဦးခိုင်မင်း ဖြစ်ကြေင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလလယ် ခန့်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ဝန်ထမ်းများက ဆိုင်ကယ်လိုင်စင် ကတ်များ မလုပ်မနေရ လုပ်ရမည်ဟု အတင်းခြိမ်းခြောက်ကာ ဆိုင်ကယ် တစ်စီးလျှင် လိုင်စင် ကတ်ကြေး ၆၀၀၀ ကျပ် သတ်မှတ် ကောက်ယူမှု ပြုလုပ်ခဲ့သေးသည်။