နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့အတွက် ဒေသခံပြည်သူတွေကို ဖိအားပေးပြီး စည်းရုံးဟောပြောတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ပါဝင်စားမှုအားနည်းတာကြောင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကျေးရွာထိ ကွင်းဆင်းပြီး စည်းရုံးဟောပြောတာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။

”ခုက လက်ရှိစားဝတ်နေရေးပဲ ရုန်းကန်နေရတာဆိုတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး၊ ဘယ်ပါတီ လာလာထမင်းစားရဖို့က အရေးကြီးတယ်လေး အဲ့တာကြောင့် ခုလည်း စည်းရုံးရေးလိုက်ဟောပြောနေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျေးရွာတွေကို လိုက်လံဟောပြောတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ခိုင်းတာမျိုးတွေ ဖိအားပေးပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒါ့ပြင် ကြံ့ခိုင်ရေးက အမတ်လောင်းတွေနဲ့ပေါင်းပြီး လမ်းဖွင့်ပွဲ၊ တံတားဖွင့်ပွဲနဲ့ ကျေးရွာကျောင်းဖွင့်ပွဲတွေ မှာလည်း ဒေသခံပြည်သူတွေကို စည်းရုံးဟောပြောတာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။