ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်

ဆိုမာလီယာနိုင်ငံရှိ အစိုးရတပ်ဖွဲ့တွေကို ကူညီနေတဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ကြောင့် အယ်လ်ရှာဘတ်စစ်သွေးကြွ ၃၀ ခန့် သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို မိုဂါဒစ်ရှူးမြို့တော်ရဲ့ အရှေ့မြောက်ဘက် ၁၆၂ မိုင်ခန့်အကွာ ဂါလ်ကတ်မြို့အနီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဆိုမာလီယာစစ်တပ်နဲ့ အယ်လ်ရှာဘတ်စစ်သွေးကြွတွေဟာ ဂါလ်ကတ် မြို့ ထိန်းချုပ်နိုင်ရေးအတွက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆိုမာလီယာစစ်တပ်ဟာ အယ်လ်ရှာဘတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ရဲ့ တိုက်ခိုက်မှုခံရတာကြောင့် လေ ကြောင်းပစ်ကူပေးခဲ့တာလို့ အမေရိကန်စစ်တပ် အာဖရိကကွပ်ကဲမှုဌာနချုပ်က ပြောပါတယ်။

အစောပိုင်းမှာ အယ်လ်ရှာဘတ်စစ်သွေးကြွတွေက ဂါလ်ကတ်မြို့ရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုကို စီး နင်းတိုက်ခိုက်ခဲ့တာကြောင့် ဆိုမာလီယာစစ်သား ခုနှစ်ဉီး ကျဆုံးခဲ့သလို ဒါဇင်နဲ့ချီတဲ့ အယ်လ်ရှာဘတ်တပ်ဖွဲ့ဝင် တွေ သေဆုံးခဲ့တယ်လို့ ဆိုမာလီယာ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စလာမ္မစ်အစိုးရတစ်ရပ် ထူထောင်ဖို့ရည်ရွယ်ကာ အယ်လ်ရှာဘတ်အဖွဲ့က ၂၀၀၆ ခုနှစ်ကတည်းက ဆိုမာလီယာနိုင်ငံရှိ ဗဟိုအစိုးရကို တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ကို မိုဂါဒစ်ရှူးမြို့တော် ပြင်ပ မောင်းထုတ်နိုင်ခဲ့သော်လည်း အဆိုပါစစ်သွေးကြွအဖွဲ့က စစ်တပ်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အယ်လ်ရှာဘတ်အဖွဲ့ရဲ့ အရေးပါသော ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ ဟာရတ်ဒီရီမြို့ကို စစ်တပ်နဲ့ ဒေသခံပြည်သူ့စစ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုမာလီ ယာအစိုးရက ပြောကြားခဲ့ပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ပိုင် ယာဉ်သုံးစင်းကို ဖျက်ဆီးနိုင်ခဲ့သလို အရပ်သားတွေ ဒဏ်ရာရတာ သေဆုံးတာ မရှိခဲ့ဘူးလို့ အမေရိကန်စစ်တပ် အာဖရိကကွပ်ကဲမှုဌာနချုပ်က ပြောပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံး အယ်လ်ခိုင်ဒါကွန်ရက်ဖြစ်တဲ့ အယ်လ်ရှာဘတ်အဖွဲ့ကို ဖြိုခွင်းနိုင်ဖို့ အမေရိ ကန်စစ်တပ် အာဖရိကကွပ်ကဲမှုဌာနချုပ်က ဆိုမာလီယာစစ်တပ်ကို လေ့ကျင့်ရေးသင်တန်း၊ အကြံပေးခြင်းနဲ့ လက်နက်တပ်ဆင်ပေးခြင်း ဆက်လက်ပြုလုပ်မယ် လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – BBC
Ref; US air strike in Somalia ‘kills 30 militants’