ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဗုံးပစ်လောင်ချာနဲ့ လာရောက်ပစ်ခတ် သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ်ထွေအုပ်ရုံးကို ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဗုံးပစ်လောင်ချာနဲ့ ၃ ချက်လာရောက်ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။

“ ညနေပိုင်းဖြစ်သွားတာ ဒေသအခေါ်ကတော့ ဘဒိန်း လို့ခေါ်နဲ့ အဲ့တာနဲ့ ၃ ချက်ပစ်သွားတာ၊ ဖိုတီးအင်းကို ဆုံလည်လုပ်ထားတဲ့ ကေအိုင်အေ ထုတ်လက်နက်ကို ပြောတာပါ၊ အထိအခိုက်တော့ များနိုင်တယ်”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ် ပြောပါတယ်။

ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရတာကြောင့် လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထွေအုပ် ဝန်ထမ်း တွေ သေဆုံးထိခိုက်ဒဏ်ရာရတာမျိုးတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ထွေအုပ်ရုံး ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက မြို့အတွင်း လိုက်လံ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။