ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂၂ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့ပေါ်ရှိ အဏ္ဏဝါရပ်ကွက်နှင့် နန္ဒာရပ်ကွက်ပိုင် နယ်ထိန်းရဲဟိန်းသူရအား ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် YE ဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဏ္ဏဝါနှင့်နန္ဒာ ၂ ရပ်ကွက် နယ်ထိန်းရဲဟိန်းသူရအား နန္ဒာမြို့ပတ်လမ်းပေါ်ရှိ အရက်ဆိုင်အနီးတွင် သေနတ်ဖြင့် ၁၆ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း YE ဘီလူးအဖွဲ့တာဝန်ရှိသူမှပြောသည်။
“ကျွန်တော်တို့ရှင်းလင်းပြီးတော့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ရော်ဘာခြံတွေဘက်ကိုရမ်းသမ်းပစ်နေတယ်၊ နယ်ထိန်းရဲရှင်းလင်းခံရတာကို မကျေနပ်လို့၊ နန္ဒာနဲ့ အဏ္ဏဝါကိုသူကအဓိကထိန်းချုပ်ထားတယ်၊ ပြည်သူတွေအပေါ်မတရားလုပ်တယ် ဆိုပြီး တိုင်ကြားလို့ ကျွန်တော်တို့ရှင်းလင်းခဲ့တာပါ” ဟု ရေးဘီးလူးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါ နယ်ထိန်းရဲဟိန်းသူရသည် ရေးမြို့ရှိ နန္ဒာနှင့်အဏ္ဏဝါရပ်ကွက် ၂ ခုအားအဓိကထိန်းချုပ်ထားပြီး လောင်းကစားဝိုင်းများအား ဆက်ကြေးဖြင့်ဖွင့်လှစ်ခွင့်ပြုခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းအား လုပ်ကိုင်ခွင့်ပြုခြင်း၊ ပြည်သူများအပေါ်တွင် သတင်းပေးတိုင်ကြားခြင်းများကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ရေးတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း YE ဘီလူး ထိန်းချုပ်နယ်မြေ ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သည့် မိုင်တဲတာဝါတိုင်အား အပြီးတိုင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရပါသည်။