ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မ ဟုတ်ဖူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ မြန်မာနဲ့အခြားကိစ္စရပ်များဆိုင်ရာ အကြီး တန်းအကြံပေး ဒါရက်ချိုလေးက ပြောပါတယ်။
VOA မြန်မာပိုင်းဌာနရဲ့ ခေတ္တအကြီးအကဲ ဒေါ်ခင်စိုးဝင်းနဲ့ ဇန်နဝါရီလ ၁၉ ရက်က အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဒါရက်ချိုလေးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေကို လူသားချင်းစာနာမှု အကူအညီနဲ့ အရပ်ဘက်အဖွဲ့အစည်း ပံ့ပိုးမှုတွေ ထောက်ပံ့ကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ် ထား ဒဏ်ခတ်အရေးယူတဲ့ မကြာသေးမီက အတည်ပြုလိုက်တဲ့ Burma Act ကိုလည်း အင်တာဗျူးအတွင်း ဒါရက် ချိုလေးက ဆွေးနွေးသွားခဲ့ပါတယ်။
အင်တာဗျူးအတွင်း ဆွေးနွေးခဲ့တဲ့ အခြားအကြောင်းအရာတွေထဲမှာ အာဏာသိမ်းမြန်မာစစ်တပ်အတွက် ရုရှားနိုင်ငံရဲ့ ပံ့ပိုးကူညီမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလိုမျိုး မြန်မာအတိုက် အခံတွေအတွက် အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးဖို့ကြိုးပမ်းမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ အမေရိကန်အစိုးရက NUG အပြင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပဋိပက္ခဘေးသင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒေါ်လာ နှစ်ဘီလီယံနီးပါး ပံ့ပိုးကူညီခဲ့ပြီး မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ပိုမိုထောက်ပံ့ပေးနိုင်မယ့် နည်းလမ်းတွေ ဆက်လက်ရှာဖွေနေတယ်လို့ သူက ပြောပါတယ်။
ရုရှားဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြီးမားဆုံး စစ်ရေးထောက်ပံ့သူဖြစ်တဲ့အပြင် ရုရှားနဲ့စစ်ကောင် စီဟာ အလွန်နီးကပ်သောဆက်ဆံရေးရှိတာကြောင့် အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီတာ နှစ် ဆတိုးမြှင့်သွားမယ်လို့ ဒါရက်ချိုလေးက ပြောပါတယ်။
စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြး တရားမျှတမှာမဟုတ်ဘဲ အာဏာသိမ်းမှုကို ဖုံးကွယ်လိုတဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့ကြိုးပမ်းမှုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ ၅၀ ရာခိုင်နှုန်းကိုတောင် မထိန်းချုပ်နိုင်ဘဲ ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်မှာလဲ? ထင်ရှားတဲ့ အတိုက်အခံတွေကို အကျဉ်းချထားရင် ဘယ်လိုလုပ် ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မလဲ? လို့ ဒါရက်ချိုလေးက အင်တာဗျူးအတွင်း ပြောပါတယ်။
ကိုးကား – VOA
Ref; US Sees No Chance of Fair Election Under Myanmar Junta