ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇန်နဝါရီလ ၂၁ ရက်

မကွေးတိုင်း၊မြိုင်မြို့ပေါ်မှ ရိက္ခာဝယ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများအား ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် မြိုင်(ပကဖ) နှင့်ပူးပေါင်းအဖွဲ့များမှကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့ပေါ်မှ ပျူစောထီးရွာဖြစ်သည့် သရက်ဂွရွာသို့ ရိက္ခာဝယ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၄၀ ကျော်ပါဝင်သည့် စစ်ကောင်စီကားအား ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကားတစ်စီးနဲ့ တပ်သားရယ်၊ ပျူရယ်အင်အား ၄၀ ကျော်ဝန်းကျင်ပါတယ်၊ သူတို့ကပြန်လာတော့ ပစ်ပြီးလမ်းရှင်းလာတာ၊ အဲဒီမှာ ထိပ်တိုက်တွေ့တာ။ စစ်သားတစ်ယောက်နဲ့ပျူတစ်ယောက် ပွဲချင်းပြီးသေတယ်၊ ၆ ယောက်ဒဏ်ရာရခဲ့တယ်” ဟု မြိုင်(ပကဖ) တာဝန်ရှိသူ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ -၁ ၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စက်ြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MVPRF၊Hero New GZ ၊ Myaing warriors ၊မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။