ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ် ဖာရ်ထောက်ရပ်ကွက်ရှိ အထက (၁) တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို ချင်းအမျိုးသားတပ်မတော် – CNA က ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းက ဝင်ရောက်ပစ်ခတ် ခဲ့ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သတ်၍ စစ်ကောင်စီက ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းမှာပင် အသက်မပြည့်သော ကလေးငယ်အပါအဝင် ဒေသခံ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သို့မဟုတ်ပါက မိမိတို့အနေဖြင့် ပြင်းထန်စွာ ပြန်လည် တုန့်ပြန်သွားမည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ CNO/CNDF က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ကလေးအမေ ၁ ဦးအပါအဝင် ဒေသခံ ၂၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သို့သော် အထက်တန်းပြအငြိမ်းစား ကျောင်းဆရာမ ရမ်းနွမ် (Ram Nuam) အပါအဝင် ဒေသခံ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပြီး ဖလမ်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေး နေကြောင်း သိရသည်။
“ဖလမ်းပစ်ခတ်မှုနဲ့ပတ်သတ်ပြီး ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးကို ဆက်ဖမ်းထားတယ်။ လက်ရှိ ဖလမ်းမြို့မစခန်းမှာ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်တယ်။ အမှုဖွင့်ပြီလား မဖွင့်သေးဘူးလားတော့ အတိအကျ မသိရသေးဘူး။ စဖမ်းတုန်းက ဒေသခံ ၂၅ ယောက် ရှိတယ်။ နောက်တော့ ၂၀ ယောက်လောက် ပြန်လွှတ်ပေးပြီး အထက်တန်းပြအငြိမ်းစား ကျောင်းဆရာမ ရမ်းနွမ် (Ram Nuam) နဲ့ ၄ ယောက်ကို ဆက်ဖမ်းထားတာ”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှာ CNA အနေဖြင့် နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသား အဖွဲ့ချုပ် – CNO နှင့် CNDF တပ်များ၏ခွင့်ပြုချက် သို့မဟုတ် ညှိနှိုင်းတိုင်ပင်အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည့်အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNO က ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး CNF ၏လက်အောက်ရှိ CAN သည် ထန်တလန်နှင့်ဟားခါးဒေသတွင် အဓိက အခြေစိုက်လှုပ်ရှားပြီး ချင်းအမျိုးသားအဖွဲ့ချုပ် – CNO လက်အောက်ရှိ CNDF တပ်မတော်မှာ ဖလမ်းမြို့နယ်ကို အခြေပြုလှုပ်ရှားကာ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သို့မဟုတ်ပါက CNO/CNDF အနေဖြင့် ပြင်းထန်စွာ ပြန်လည် တုန့်ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။