ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာအား စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ ခန့်မှ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်း၌ စစ်ကြောင်းထိုး၍ မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ လယ်လှ နှင့် ကံပေါက်ရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း – ၃၆၈ နှင့် ပျူစောထီးအင်အား ၁၅၀ ခန့်မှာ ကန့်ဘလူမြို့နယ် အင်းမကျေးရွာအား နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာသားတွေက မနေ့ညထဲက ကြိုရှောင်ထားပါတယ်ဗျ။ အဲ့စစ်ကြောင်းက ဖမ်းမိသမျှ အကုန်သတ်ဖြတ်တော့ ဘယ်သူမှမနေရဲပါဘူး။ ဘယ်ကဝင်မှန်းမသိတော့ ရွာထဲမနေရကြလို့ စစ်ကြောင်းနဲ့နီးနဲ့ရွာတွေအကုန် ကြိုရှောင်ကြတာပါ” ဟု ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းမကျေးရွာသို့ စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များသည် ဒီဇင်ဘာလ မှ ဇန်နဝါရီလအထိ စစ်ကြောင်းထိုးဝင်ရောက်နေပြီး အင်းမရွာအပါအဝင် ရွာ ၉ ရွာအားမီးရှို့ဖျက်ဆီးခဲ့ကာ ဖမ်းဆီးခံရသူ ဒေသခံ ၁၁ ဦးအနက် အမျိုးသမီး ၃ ဦးထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၂ ဦးမှာ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုးနေမှုကြောင့် အင်းမ ၊ ပင့်သာ ၊ ဖလားရ ၊ ချောင်းကြား ၊ ရှမ်းကုန်းရွာတို့မှ ဒေသခံ ထောင်ဂဏန်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်၊ အင်းမရွာမှ နိုဝင်ဘာလ ၁၂ ကလည်း စစ်ကောင်စီတပ်၏ မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၂၄၀ ရှိသည့်အနက် ၈၅ လုံးမှာ မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။