ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကိုယ်တိုင် ကြံ့ခိုင်ရေးပါတီအတွက် တိုင်းအတွင်းက မြို့နယ်တွေကိုသွားရောက်ပြီး မဲဆွယ်စည်းရုံးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ နယ်မြို့တွေကို သွားလာတဲ့အခါ စည်းရုံးဟောပြောတာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဝန်ကြီးချုပ်က ခရီးသွားရင် ကြံ့ခိုင်ရေးက ဝန်ကြီးဟောင်းတွေနဲ့အတူသွားတာ၊ ကိုယ်စားလှယ်တွေလည်း ပါတယ်၊ ဖွင့်ပွဲတွေလုပ်ပြီးရင် စည်းရုံးရေးပုံစံမျိုးပါ လုပ်တာ တစ်ခါထဲ ဖွင့်ပွဲရော စည်းရုံရေးရော ပေါင်းလုပ်တာမျိုးပေါ့”လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ်ဟာ နယ်မြို့တွေက ဖွင့်ပွဲတွေကို သွားရောက်တဲ့အခါ ကြံ့ခိုင်ရေးပါတီက ထိပ်ပိုင်း ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေကို ခေါ်ဆောင်သွားလေ့ရှိပြီး ပြည်သူတွေအမြင်မှာ ကြံ့ခိုင်ရေးပါတီကိုပါ တွဲမြင်စေတာမျိုး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နဲ့ အများစုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်ကို တော်လှန်တိုက်ခိုက်နေတာကြောင့် နေမြေမတည်ငြိမ်းလို့ ရွေးကောက်ပွဲမလုပ်နိုင်ပေမယ့် နယ်မြေ အေးချမ်းတဲ့ ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲမြို့နယ်တိုင်းမှာ ပြုလုပ်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။