ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာ၊ နှင်းစုံရွာတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၈ နာရီဝန်းကျင်က Ye Special Tasks Forcesနှင့် ပူးပေါင်းအဖွဲ့များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေး-မော်လမြိုင်ကားလမ်းပေါ်ရှိ နှင်းစုံတံတား၌ တပ်စွဲထားသည့် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်အား Ye Special Tasks Forcesနှင့်ပူးပေါင်းအဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

” တိုက်ခိုက်မှုဖြစ်တာတော့သိတယ်၊ သေသေချာချာတော့မသိရဘူး၊ အဲ့ဒီနှင်းစုံတံတားထိပ်မှာက စစ်ကောင်စီကင်းစခန်းတစ်ခုရှိတယ်၊ အရင်ကKNUကစခန်းသိမ်းထားတဲ့ စခန်းဟောင်း၊ အခုသူတို့ကပြန်ပြီးစခန်းချ တပ်စွဲနေတာ၊ အဲ့ဒီစခန်းကခနခနတိုက်ခိုက်ခံရတယ်” ဟု ရေးဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ရေးအခြေစိုက် ခမရ ၃၄၃ တပ်မှ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီမှ တစ်နာရီနီးပါးကြာ ဖြတ်သန်းသွားလာသည့်ယာဉ်များအား ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုခံရမှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နှင်းစုံတံတားရှိ စစ်ကောင်စီစခန်းမှာ မကြာခဏပစ် ခတ်တိုက်ခိုက်ခြင်းခံရပြီး ဇန်နဝါရီလ ၁၇ ရက်ကလည်း ရေးမြို့နယ်အခြေစိုက် အမြောက်တပ် အမတ(၃၁၆)တပ်အား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။