ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ အထက (၁) တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို ချင်းအမျိုးသားတပ်မတော် – CNA က ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းက ဝင်ရောက်ပစ်ခတ် ခဲ့ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှာ CNA အနေဖြင့် နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသား အဖွဲ့ချုပ် – CNO နှင့် CNDF တပ်များ၏ခွင့်ပြုချက် သို့မဟုတ် ညှိနှိုင်းတိုင်ပင်အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည့်အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNO က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“CNA အနေနဲ့ မြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြန်အလှန်လေးစားမှု ရှိစေချင်တယ်။ ပူးပေါင်း ညှိုနှိုင်းပြီး လုပ်ဆောင်ရမယ်ဟာကို ကျော်ပြီးလုပ်သွားတော့ နှစ်ဖက်အဖွဲ့အစည်းကြားမှာ ယုန်ထင် ကြောင်ထင်တွေ ဖြစ်ကုန်တာက မကောင်းဘူးလေ။ ပူးပေါင်းညှိုနှိုင်းလုပ်ဆောင်ခဲ့ရင် ဒီထက်ကောင်းတဲ့ ရလာဒ်ကိုတောင် ဖော်ဆောင်နိုင်ပါမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သင်္ကာမကင်းတာ၊ အမြင်စောင်းတာမျိူးတွေလည်း ရှိလာမှာမဟုတ်ပါဘူး”ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းကျုံးငိုင်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF ၏လက်အောက်ရှိ CAN သည် ထန်တလန်နှင့်ဟားခါးဒေသတွင် အဓိက အခြေစိုက်လှုပ်ရှားပြီး ချင်းအမျိုးသားအဖွဲ့ချုပ် – CNO လက်အောက်ရှိ CNDF တပ်မတော်မှာ ဖလမ်းမြို့နယ်ကို အခြေပြုလှုပ်ရှားကာ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည်။
ချင်းအမျိုးသားတပ်မတော် – CNA အနေဖြင့် နောက်နောင်ထိုသို့ပြုလုပ်ပါက လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO က ဆိုသည်။
ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သော CNA ၏ ပစ်ခတ်မှုနှင့်ပတ်သတ်၍ ဖလမ်းမြို့ပေါ်ရှိ ကျင်မွဲလ်ရပ်ကွက်မှ အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး ထားသည်။
စစ်ကောင်စီအနေဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သို့မဟုတ်ပါက CNO/CNDF အနေဖြင့် ပြင်းထန်စွာ ပြန်လည် တုန့်ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။