ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

စစ်ကိုင်းတိုင်း တမူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း တမူး ပ.က.ဖ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ ကျင်းပမည့် အတုယောင် ရွေးကောက်ပွဲကို အသိပေးတားမြစ်သည့် အနေနှင့် တမူးမြို့ ပ.က.ဖ နှင့် ABSDF တပ်ရင်း (၅) တမူး ပူးပေါင်း တပ်ဖွဲ့များက ရွေကောက်ပွဲ အတွက် စာရွက်စာတမ်းများထားသည့် တမူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူး ပ.က.ဖ အဖွဲ့က ထုတ်ပြန်ထားသည်။

တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပ.က.ဖ) အနေနှင့် စစ်ကောင်စီပြုလုပ်မည့် အတုယောင် ရွေးကောက်ပွဲကို ပါဝင် ပတ်သက် ဆက်နွယ်သော မည်သည့် အဆောက်အအုံ၊ လူပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ အရေးယူ အပြစ်ပေးသွားမည် ဟုလည်း ဆိုသည်။

ပ.က.ဖ က တမူးမြို့နယ် အတွင်းရှိ စစ်ကောင်စီ လက်ပါးစေများနှင့် လိုလားသူများ အတွက် သတိပေးချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တမူးမြို့နယ်ရှိ စစ်ကောင်စီ လက်ပါးစေများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှာ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း ကောက်ခံခြင်းအား တစ်အိမ်တက်ဆင်း ကောက်ခံခြင်း မပြုလုပ်ဘဲ ၎င်းတို့၏ နေအိမ်များတွင်ခေါ်ကာ လူစာရင်း ကောက်ယူမှုများ ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၃ ခု နှစ် သြဂုတ်လ အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပမည် ဖြစ်ကြောင်း ပြောဆိုထားသည်။