ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့အမှတ် (၅) ရပ်ကွက်က မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်မှာ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့ရာ ၀န်ထမ်း ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
သေဆုံးသူမှာ အသက် ၆၈ နှစ်အရွယ် ဆိုင်ဝန်ထမ်း ဦးလှခင်ဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ဆိုင်မန်နေဂျာ ကိုသူရဇော်ထက်၊ အသက် ၃၂ နှစ်အရွယ် ကိုညွှန့်ဝင်းမောင်၊ အသက် ၃၁ အရွယ် ဦးပြည့်ဖြိုးဇော်တို့ ၃ ဦးမှာ တစ်ကိုယ်လုံးအရေပြားမီးလောင်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရှိရပြီး အသက် ၃၄ နှစ်အရွယ် ကိုမင်းမင်းဦးမှာတော့ခြေထောက်မီးလောင်ဒဏ်ရာသာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဓါတ်ဆီ 92 ကို သံဂေါက်နဲ့ လှယ်ရာကနေမီးပွင့်ပြီးထလောင်တာ။ ဆိုင်အလုပ်သမားတစ်ဦးကတော့ မီးလောင်ခြင်းပဲ မီးထဲပါပြီး ဆုံးသွားတယ်။ ကျန်တဲ့အလုပ်သမား ၄ ဦးက မီးလောင်ဒဏ်ရာ စိုးရိမ်ရတာ ၃ ဦးပါတယ်။ သူတို့ကတော့လက်ရှိဆေးရုံမှာတက်နေတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြတ်မေတ္တာမွန်ဆီဆိုင် မီးလောင်မှုမှာ သိုလှောင်ထားတဲ့ ဓါတ်ဆီများပါ လောင်ကျွမ်းခဲ့တာကြောင့် အသုတ်တစ်မြို့လုံး ထိတ်လန့်ခဲ့ရပြီး မီးအားများတာကြောင့် ရေကြည်၊ အသုတ်၊ ပုသိမ်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်း မြို့နယ်တို့က မီးသတ်ကားတွေနဲ့ ၃ နာရီကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်မှုကြောင့် မေတ္တာမွန်ဆီဆိုင်ရဲ့ ဆီသိုလှောင်ရုံ ၂ လုံး ၊ ဓါတ်ဆီ ၈ ပေပါ၊ ဒီဇယ် ၆ ပေပါ၊ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး ၊ ဆီဘောက်ဆာကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့သိရှိရပြီး လက်ရှိမှာ ဆီဆိုင်မန်နေဂျာဖြစ်သူ ဦးသူရဇော်ထက်ကို ပုဒ်မ-၂၈၅နဲ့ အသုတ်နယ်မြေရဲစခန်းမှာအမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။