ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထု တိုက်နယ် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်စောစောပိုင်းတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ပန်းဆန် ရွာသားများဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦးအပါဝင် ၅ ဦးကို စစ်ကောင်စီ တပ်မ ၅၅၊ ၁၁၊ ၁၀၁ ပူးပေါင်း အဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးကသူတို့က မနက်အစောကြီး ရွာကိုလာပြီး ပိတ်ထားကာ ရွာသား၂ ဦးနဲ့ ရွာမှာခဏ လာတည်းပြီး ဝ ဥ အရောင်းအဝယ် လုပ်နေတဲ့သူ ၃ ဦးကို ဖမ်းသွားတယ်ဗျ၊ ညနေရောက်တော့ ရွာခံတစ်ဦးကို ပြန်လွှတ်ပေးပြီး ကျန်တဲ့ ၄ ဦးကို ဆက်ဖမ်းထားတယ်ဗျ၊ ကျန်ခဲ့တဲ့ ၄ ဦးထဲမှာ ပန်းဆန်ရွာက ၁၈ နှစ်အရွယ် လူငယ်လေး တစ်ဦးလည်း ပါတယ်ဗျ၊ သူတို့ကို ရိုက်နှက် စစ်ဆေးကြတယ်လို့ သိရတယ်၊ ဘာကြောင့်ဖမ်းတာလဲ ဆိုတာတော့ အတိကျမသိရသေးဘူးဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များသည် နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ကျောက်ထု နယ်မြေ တဝိုက်က ကျေးရွာများကို အကြိမ်ကြိမ် ဝင်ရောက် ခြိမ်းခြောက်ကာ ဖမ်းဆီးနေကြောင်း ဒေသ ကာကွယ်ရေး အဖွဲ့ကလည်း ပြောသည်။

သူတို့နဲ့ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ခိုက်မှုတွေ အများကြီးရှိပါတယ်၊ စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် သေဆုံးထားပါပြီ၊ အခုလည်း ကျွန်တော်တို့ ပြည်သူတွေကို မတရား နှိပ်စက် ဖမ်းဆီးထားတာတွေ အတွက် သူတို့ကို တိုက်ခိုက်ဖို့ စီစဉ်ထားပြီးပါပြီ၊ ကျွန်တော်တို့ စနစ်တကျ ပြင်ဆင်နေတယ်၊ မကြာတော့ပါဘူး၊ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင် ကူညီပေးကြဖို့နဲ့ တတ်နိုင်သလောက် လှူပေးကြဖို့ ပြောချင်ပါတယ်ဟု ကျောက်ထု PDF ဂန့်ဂေါ ခရိုင် တပ်ရင်း အမှတ် (၈) တပ်ရေးဗိုလ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အဆိုပါ အဖမ်းခံရသူများမှာ အသက် ၁၈ နှစ်အရွယ် ဒေသခံ လူငယ် ၁ ဦး နှင့် အသက် ၃၀ ခန့်ရှိ ချင်းတိုင်းရင်းသားများ ဖြစ်သည်ဟုလည်း ဆိုသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က ပန်းဆန်ကျေးရွာ စာသင်ကျောင်းတွင် ထားရှိ ပြီး မိသားစုနှင့် တွေ့ခွင့် မပေးဘဲ စစ်ဆေးနေကြောင်း ဒေသခံများကလည်း ပြောသည်။