ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်ဟာ တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဝိုင်းက ပြန်လာတဲ့အချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က စစ်ကောင်စီလက်အောက်ခံ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးပြေငြိမ်းနဲ့ မြို့နယ်သာသနာရေးဦးစီးအရာရှိ ဦးပြည့်စိုးဇော်တို့ကို ဖမ်းဆီး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဦးပြည့်စိုးဇော်က အဲ့ညပဲပြန်လွတ်တယ်၊ ဦးပြေငြိမ်ပဲ ဆက်အဖမ်းခံရတာ ဒီနေ့အထိပြန်မလွတ်သေးဘူး၊ အကြောင်းတစ်ခုခုရှိလို့ ဖမ်းထားတာ ထင်တယ်၊ သူတို့က စစ်ကောင်စီလက်အောက်ခံတွေဆိုတော့ အဖမ်းခံရ တာလည်း ဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းနဲ့ မြို့နယ်သာသနာရေးဦးစီးမှူး ဦးပြည့်စိုးဇော်တို့ကို မှော်ဝမ်းရပ်ကွက်က မီးသတ်ရုံးရှေ့မှာ ည ၈ နာရီခွဲလောက်က လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြို့နယ်မီးသတ်ဦးစီးမှူးဟာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းဖြစ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။