နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၂၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တက္ကသိုလ်ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ငှားရမ်းနေထိုင်ရတဲ့ အဆောင်ခတွေဟာ ဇန်နဝါရီလကစပြီး အခန်းဈေး ၂ ဆကျော်မြင့်တက်လာတယ်လို့ သိရပါတယ်။
နယ်ကလာပြီးကျောင်းတက်ရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ခုလိုမျိုး အဆောင်ခဈေး ခေါက်ချိုး ကျော်မြင့်တက်မှုဟာ ကျောင်းသူ ကျောင်းသားတွေအတွက် အခက်အခဲတွေ့ပိုများလာတယ်လို့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
“အရင်နှစ်တွေက အဆောင်မှာနေပြီ ကျောင်းတက်တာ ၃၀၀၀၀ ပဲပေးရတယ်၊ ခုက ၈၀၀၀၀ လောက်ပေးရတယ်၊ လူစုပြီးနေရတဲ့ အဆောင်ခတွေပါ ဈေးတက်သွားတာ” လို့ ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း တက္ကသိုလ်ကျောင်းသားတွေ ငှားရမ်းနေထိုင်တဲ့ အဆောင်ခဈေးဟာ ၁ ခန်းကို ငွေကျပ် ၃၀၀၀၀ သာကျသင့်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစတင်ပြီး အခန်း ၁ ခန်းကို မြန်မာငွေကျပ် ၈၀၀၀၀ ထိ မြင့်တက်သွားတာလို့ ဆိုပါတယ်။
အဆောင်နေခတွေ ဈေးမြင့်တက်လာသလို စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ထုတ်ပေးတဲ့ စာအုပ် တွေ ဝယ်ယူရတဲ့ ဈေးတွေကလည်း မြင့်တက်လာတယ်လို့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ တက္ကသိုလ် ၃ ခုရှိပြီး ကျောင်းသား ကျောင်းသူ အများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရန်ရှာမှာကြောက်လို့ နယ်ကနေ လာရောက် ကျောင်းတက်နေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။