ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်

ဇန်နဝါရီလ ၁၁ ရက်က နိုင်ငံခြားရေးမူဝါဒမိန့်ခွန်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ၂၀၂၃ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို အကြမ်းဖျင်းပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး အဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အစီအစဉ်တွေ ဘယ်လိုအရေးပါတယ်ဆိုတာ ရတ်နိုမာဆူဒီ က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ထမ်း ဆောင်စဉ် မြန်မာ့အရေး အဖြေရှာဖို့ အထူးအလေးထားမယ့်အပြင် မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ကို ဓားစာ ခံအဖြစ်မခံဘူးလို့ ရတ်နိုမာဆူဒီက ပြောပါတယ်။

ရတ်နိုမာဆူဒီ အကြမ်းဖျင်းရှင်းပြတဲ့အတိုင်း မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုင်တယ်ဖြေရှင်း မှုမှာ အရေးပါတဲ့အချက်နှစ်ချက် ရှိပါတယ်။ ပထမဆုံးအချက်က ရတ်နိုမာဆူဒီ ကိုယ်တိုင်ဉီးဆောင်တဲ့ အထူးကိုယ် စားလှယ်ရုံးတစ်ခု ထူထောင်ရမှာဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်က မြန်မာ့အရေးဖြေရှင်းရာမှာ အခြေခံ နည်း လမ်းတစ်ခု ဆက်လက်ဖြစ်နေမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးရဲ့ အရေးပါမှုကို အလေးထားဖို့ လိုအပ်ပါတယ်။

ဒါဟာ မှန်ကန်သော ကိုင်တွယ်ဖြေရှင်းမှုဖြစ်ပြီး မြန်မာပြည်သူတွေကိုယ်တိုင် မိမိတို့ပြဿနာကိုဖြေရှင်း ဖို့ အဖြေရှာရမှာဖြစ်ပါတယ်။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက အချင်းချင်း မဆွေးနွေးရင် အာဆီယံအဖွဲ့က မည်သို့ ပင်ကြိုးပမ်းပါစေ မအောင်မြင်နိုင်ပါဘူး။

အာဆီယံအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အခန်းကဏ္ဍက အကန့်အသတ်ရှိပါတယ်။ စစ်တပ် အာဏာသိမ်းမှု ကြောင့်ဖြစ်လာတဲ့ လက်ရှိအကျပ်အတည်းအတွက် နိုင်ငံရေးအဖြေရှာဖို့သာ အာဆီယံ ကြိုးပမ်းပါတယ်။ မြန်မာ နိုင်ငံရဲ့ ရေရှည်နိုင်ငံတည်ဆောက်ရေးစီမံကိန်းမှာ ထိတွေ့ဆက်ဆံနိုင်တဲ့ အခြေအနေ အာဆီယံမှာ မရှိပါဘူး။

မြန်မာပြည်သူတွေ တောင်းဆိုမှသာ အကျပ်အတည်းအလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုကို အာဆီယံအ ဖွဲ့က ကူညီနိုင်မှာဖြစ်ပါတယ်။ ဒီလို ကိုင်တွယ်ဖြေရှင်းမှုကို ဖော်ဆောင်ဖို့ရာ အင်ဒိုနီးရှားနဲ့ အာဆီယံအတွက် မ လွယ်ကူဘဲ မရှိမဖြစ်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

တရားဝင်မှုနဲ့ အသိအမှတ်ပြုမှု မပေးအပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီလိုမျိုး သက် ဆိုင်ရာအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက စီစဉ်ပေးရမှာဖြစ်ပါတယ်။ အင်ဒို နီးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်က ရှင်းလင်းပြီး စစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုပါဘူး။

ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရင် မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစု တွေက သံသယရှိစရာ မလိုပါဘူး။ တစ်ချိန်တည်းမှာဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အင်ဒိုနီးရှားနိုင်ငံက တွေ့ဆုံဆွေးနွေးတာကို စစ်ကောင်စီက မပိတ်ပင်သင့်ပါဘူး။

ဒုတိယအနေနဲ့ သတ်မှတ်ကာလအတွင်း အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို လက်တွေ့ကျကျ ဖော် ဆောင်မယ့် အစီအစဉ်တစ်ရပ် ချမှတ်ဖို့ ခေါင်းဆောင်တွေက အပ်နှင်းထားတဲ့ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံက စ တင်ပြီး ညှိနှိုင်းဆောင်ရွက်သင့်ပါပြီ။

ဒီအစီအစဉ်မှာ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာဗဟိုဌာ (AHA Center) ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အထူးကိုယ်စားလှယ်အတွက် လုပ်ပိုင်ခွင့်ပေးဖို့ ပါ ဝင်သင့်ပါတယ်။

တတိယအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းမှာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် ထောက်ကူသောအခြေအနေတွေ ဖန်တီးဖို့ အင်ဒိုနီးရှားနိုင်ငံက အခြားမိတ်ဖက်တွေ ဆွေး နွေးဘက်မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက မလေးရှား၊ ထိုင်းနဲ့ စင်ကာပူလိုမျိုး အရေးပါသော အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေအပြင် အင်အားကြီးတိုင်းပြည်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံရှိ ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေက အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖို့ ဆန္ဒရှိမှာ မသေချာပါဘူး။
ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေကို စေ့စပ်ညှိနှိုင်းဖို့ ခက်ခဲမှာ သေချာပါ တယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိမှသာ ဒီမိုကရေစီနဲ့ အရပ်သားအုပ်ချုပ်မှု ပြန်လည်ရရှိမယ်ဆိုတာကို စစ်တပ် က နားလည်သင့်ပါတယ်။

အရပ်သားတွေထံ အာဏာပြန်လည်လွှဲပြောင်းပေမယ့် လုပ်ငန်းစဉ်ကို မြန်မာပြည်သူတွေကိုယ်တိုင် ဖန် တီးရမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့က သက်ဆိုင်သူတွေကြား အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အောင်မြင် ရေးသာ ဖြစ်မြောက်အောင်ဆောင်ရွက်ပေးနိုင်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်ထုတ် ဂျကာတာပို့စ်သတင်းစာပါ ဆောင်းပါးရှင် Rizak Sukma ရဲ့ How to approach the protracted Myanmar crisis ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ဆောင်းပါးရှင်ဟာ ဗြိတိန်၊ အိုင်ယာ လန်နဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့အစည်း (IMO) ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးဟောင်း ဖြစ်ပါတယ်။