ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်

ဧရာဝတီတိုင်းရှိ မြို့နယ်အများစုတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးယူမှုများ ယခင်ထက် ပိုမို များပြား လာကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆိုင်ကယ် ခိုးဘီးများကို နယ်လှည့် ရောင်းစားမှုများ ရှိနေပြီး မသိဘဲ ပြန်လည် ဝယ်ယူမိသူများ အနေဖြင့်လည်း အမှုအခင်း ရှင်းလင်း ရင်ဆိုင်ရမှုများ၊ ဆိုင်ကယ် ဝယ်ယူခဲ့သည့် တန်ဖိုးငွေ ဆုံးရှုံးမှုလည်း ရှိနေကြောင်း ကိုယ်တွေ့ ကြုံသူများက ပြောပြသည်။

ယခု အခါတွင် ဆိုင်ကယ်အသစ် ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လာသောကြောင့် လူအများစုက ဆိုင်ကယ် အဟောင်းများကိုသာ ဝယ်စီးနိုင်၍ ခိုးဘီးများ ဝယ်ယူမိကာ ငွေကြေးဆုံးရှုံးပြီး တရား ရင်ဆိုင်ရမှုများ ဖြစ်ပေါ် နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကျောင်းကုန်းမြို့ ဒေသခံတစ်ဦးက“ကျနော်က ရှိတဲ့ငွေက အသစ်မဝယ်နိုင်တော့ အဟောင်းထဲက ကောင်းတဲ့ဘီး ယိုးဒယားဘီး စီးဖို့ လိုက်ရှာ ဝယ်နေတာပေါ့ဗျာ၊ တနေ့တော့ ကျနော့်ဆီ ဆိုင်ကယ်တစ်စီး လာရောင်းတယ်ဗျ၊ ယိုးဒယား RSX ဘီး ဈေးကတန်တော့ ဝယ်ထားလိုက်မိတယ်၊ သိပ်မကြာပါဘူးဗျာ ၃ ရက်လောက်ပဲ စီးရတယ်၊ ဆိုင်ကယ်ပိုင်ရှင်ရယ် ရဲတွေရယ် ခိုးတဲ့ကောင်ပါ ပါလာပြီး ဆိုင်ကယ် လာယူကြတယ်ဗျာ၊ ကျနော်တို့ကိုလည်း သူခိုးနဲ့ ကြံရာပါဆိုပြီး ရဲက ပြောနေလို့ မနည်းကြီး ရှင်းပြရတယ်ဗျာ။ ဆိုင်ကယ်ဖိုးလည်းဆုံး စခန်းမှာလည်း လိုက်ရှင်းရတော့ ပိုဆိုးတာပေါ့ဗျာ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အဆိုပါ ဆိုင်ကယ်ကို ခိုးဘီးမှန်းမသိဘဲ ကျပ် ၁၇ သိန်းခွဲ နှင့် ဝယ်ယူမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆိုင်ကယ် ခိုသူများက အဖွဲ့နှင့် ခိုးယူကြကြောင်း၊ ကျောင်းကုန်းတွင် ဇန်နဝါရီလ အတွင်း ယနေ့အထိ ခိုးယူခံရသည့် ဆိုင်ကယ် ၁၅ စီးခန့် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

ခိုးဘီးများ ဝယ်ယူရာတွင် အိမ်စီးသမားများအပြင် ဆိုင်ကယ်ဝယ်ရောင်း (အဟောင်းဆိုင်) များလည်း ဝယ်ရောင်းမိပြီး အမှုအခင်းများ ကြုံခဲ့ရကြောင်း ရေကြည်မြို့နယ် ဒေသခံများကလည်း ပြောသည်။

ရေကြည်က ဆိုင်ကယ် ဝယ်ရောင်း တစ်ဦးက“ကျနော့်ဆီ လာရောင်းတာက ကျနော်တို့ လူခံတစ်ဦးလည်း ပါလာတယ်၊ သူလည်း အခုမှသိပြီး ခေါ်လာတာပေါ့၊ ဆိုင်ကယ်က ဝှီးတက်တော့ပါတယ်၊ အုံနာဘုတ်တော့ မပါလာဘူးဗျ၊ ကျနော်လည်း မဖြစ်လောက်ဘူးထင်ပြီး ဝယ်ထားမိတာပေါ့၊ နောက်ရက်လည်း ရောက်ရော ခိုးဘီး ဆိုပြီး စခန်းက ရဲတွေပါ ရောက်လာပြီး ပြဿနာရှာလို့ ဆိုင်ကယ်လည်း ပြန်ပေးလိုက်ရတဲ့အပြင် ဒဏ်ငွေ ၅ သိန်းလောက် ဆောင်လိုက်ရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အဆိုပါ ဆိုင်ကယ်ကို ခိုးဘီးမှန်းမသိဘဲ ကျပ် ၁၅ သိန်း နှင့် ဝယ်ယူမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆိုင်ကယ်များမှာ ယခင်က ညအချိန်သာ ပျောက်ဆုံးမှုများသော်လည်း ယခုအခါ မြို့ဈေးများ၊ ဆေးရုံများ၊ ပွဲလမ်းသဘင်များ စသည့် လူနေထူထပ်သော နေရာအများစုတွင်ပါ နေ့ခင်းဘက် ခိုးယူမှုများ ယခင်ထက် များပြားလာကြောင်း ဒေသခံများက ပြောသည်။

ညောင်တုန်းမြို့နယ် ဆားမလောက် ဒေသခံတစ်ဦးကလည်း“ကျမက ဟိုတနေ့က အသိတစ်‌ယောက် ဆေးရုံတက်ရလို့၊ သွားပြီး သတင်းမေးတာ၊ ဆိုင်ကယ်ကို အပြင်မှာ ခဏပဲဆိုပြီး ထားခဲ့မိတာ၊ ပြန်လာတော့ မရှိတော့ဘူး၊ အခုက နေ့ခင်း ကြောင်တောင်ကြီးတောင် ခိုးမယ့်သူတွေက နေရာတိုင်းလိုလိုမှာ ချောင်းနေကြသလိုပဲ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြို့မဈေးများနှင့် အခြားဈေးများတွင် ဈေးဝယ်ယူရန် ဈေးအပြင်ဘက်တွင် ဆိုင်ကယ်များ အပ်ခံသော်လည်း ဆိုင်ကယ် အပ်သည့် နံပါတ်မပေးဘဲ အပ်ခဲ့ရမှုများကြောင့် ဆိုင်ကယ် အခိုးခံရသော်လည်း လျော်ကြေး မရခြင်းများ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့ ဒေသခံတစ်ဦးကလည်း ပြောသည်။

“ကျနော်တို့မြို့က လူနေ ထူထပ်တယ်ဗျ၊ ပြီးခဲ့တဲ့ရက်က ကောင်မလေးတစ်ယောက် အခွန်လွတ်ဈေး (အမျိုသားဈေး) မှာ ဈေးလာဝယ်တော့ အရင်လိုပဲ ထားနေကြဆိုတော့ အပ်တာ လက်ခံပေးတဲ့ ကတ်ပြားမယူဘဲ သွားတော့ ဆိုင်ကယ်က ပျောက်လည်းသွားရော ဆိုင်ကယ်အပ်ခံတဲ့သူနဲ့ စကားများကြတယ်၊ သူတို့ကိုမပြောဘဲ ထားခဲ့လို့ မလျော်ဘူး ဆိုပြီး ပြောတယ်၊ အရင်က ဒီအတိုင်း ထားခဲ့ပေမယ့် ပြန်ထွက်ရင် ငွေ ၂၀၀ လာတောင်းတယ်။ ကျနော်တို့တွေက အခုချိန်မှာ ဘာမှ လုံခြုံစိတ်ချမှု တစ်ခုမှ မရှိတော့ဘူး”ဟု အဆိုပါ မြောင်းမြ ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လမ်းမများ၊ မြို့အဝင်အထွက် ဂိတ်များတွင် ဆိုင်ကယ်စစ်ဆေးမှုများ ရှိသောကြောင့် လိုင်စင်ဘီးများသာ အရောင်းအဝယ် ဖြစ်နေသော်လည်း လိုင်စင် စာရွက်ပါသော ခိုးဘီးများလည်း ရှိနေကြောင်း ဟင်္သာတ ဒေသခံ တစ်ဦးကလည်း ပြောသည်။

၎င်းက“ကျနော်တို့မြို့မှာ ဒီလထဲမှာပဲ ဆိုင်ကယ် ပျောက်တာ ၁၀ စီးလောက် ရှိနေပြီ၊ အမြားစုက ယိုးဒယား ဘီးတွေပဲ ပျောက်တာ များတယ်၊ မနေ့က ကုန်စုံဆိုင်ခဲ ဈေးခဏ ဝင်ဝယျတာ ပြန်ထွက်လာတော့ ဆိုင်ကယ် မရှိတော့ဘူး၊ အထဲမှာ လိုင်စင် စာအုပ်တွေ ပါသွားတယ်ဗျ။ အခုက ဆိုင်ကယ် လိုင်စင်တွေ နေရာတိုင်း မြို့တိုင်းမှာ စစ်နေတော့ လိုင်စင် စာရွက်တွေကို ဆိုင်ကယ် တူးလ်ဘောက်စ်ထဲ ထည့်ထားတာ များကြတယ်၊ အဲ့ဒါကြောင့် ဆိုင်ကယ်လည်း အခိုးခံရရော လိုင်စင် စာရွက်ပါ အပြီး ပါသွားတာတွေ ရှိတယ်ဗျ၊ လိုင်စင် စာရွက် ပါတိုင်းလည်း ပိုင်ရှင်အမှန် ဆိုပြီး ပြောလို့ မရတော့ဘူးဗျ၊ သတိထားပြီး ဝယ်ဖို့လိုတယ်”ဟုလည်း ပြောဆိုသည်။

စစ်ကောင်စီ စပြီး အာဏာသိမ်းသော၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လောင်းကစားများ၊ မူးယစ်ဆေး တစ်မျိုးဖြစ်တဲ့ WY ဆေးပြားများ၊ ကြက်ဝိုင်းများ ကဲ့သို့သော လောင်းကစားဝိုင်းများလည်း အများစု ဖြစ်ပေါ်လာပြီး မြို့နယ် အများစုတွင်လည်း ဆိုင်ကယ် လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။