ဧရာ၀တီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသစ်ကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၉ နာရီ ၀န်းကျင်အချိန်က ကျောင်းကြိုပို့ပြီးပြန်လာသည့် စစ်ကောင်စီ၏ အမြှောက်တပ် – ၃၁၇ မှ စစ်ကောင်စီတပ်သား ၆ ဦးအား Ye Guerrilla Force မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မော့ကနင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအခြေစိုက် အမတ – ၃၁၇ တပ်ရင်းမှ ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သား ၆ ဦးမောင်းနှင်လာသည့် ဆိုင်ကယ် ၃ စီးအား Ye Guerrilla Force အဖွဲ့မှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၎င်းတို့ထံမှ သေနတ် ၃ လက် သိမ်းဆည်းရခဲ့ကြောင်း YGF ထံမှ သိရသည်။
“ကျောင်းပို့ပြီး ပြန်လာတယ့် တပ်သား ၆ ဦးကို စောင့်ပြီး ၅ မိနစ်ကျော် ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ အဲ့ဒီမှာ ၅ ဦးသေဆုံးခဲ့တယ်။ နောက်တစ်ယောက်က ခုခံပစ်ခတ်ပြီး လွတ်သွားခဲ့တယ်။ အမတ ၃၁၇ နဲ့လည်းနီးတော့ သူတို့ဘက်က လက်နက်ကြီးပစ်ကူလို့ ဆုတ်ခဲ့ရတယ်။ နောက်ဆက်တွဲ စစ်ကြောင်းထိုးမှာဆိုပြီး သတင်းကြားတယ်။ အလောင်းတွေကတော့ တပ်က ပြန်ကောက်သွားတယ်လို့ထင်ရတယ်” ဟု YGF သတင်းနှင့်ပြန်ကြားရေးမှ စောခေတ်သစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အမတ – ၃၁၇ မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး စစ်ကူများ တက်လာသည့်အတွက် သေနတ် ၃ လက် ကောက်ယူကာ လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း YGF ထံမှသိရသည်။
Ye Guerrilla Force အဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ ရဲကင်းစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ၀န်းကျင် ဒဏ်ရာရခဲ့ကြောင်း YGF ထံမှ သိရသည်။