ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဇန်နဝါရီလ ၁၉ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနယ်မြေရဲစခန်းအား ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား ၄၈ ဦးဝန်းကျင်ရှိ ဇီးပြားရဲကင်းစခန်းအား ဝင်ရောက်တိုခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင်ဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“အင်အားကတော့ ၄၈ ယောက်ရှိတယ်၊ ပေါက်ကာကွယ်ရေးအဖွဲ့တွေနဲ့ မြိုင်(ပကဖ) ပူးပေါင်းတိုက်ခိုက်ခဲ့တယ်၊ ရဲတပ်သားတစ်ယောက် သေသွားတာတော့မျက်မြင်တွေ့ခဲ့ရတယ်၊ သူတို့ကိုတိုခိုက်ဖို့သွားတာ ရဲစခန်းဘက်ကအရင်ဦးအောင်ပြန်ပစ်ခဲ့လို့ ဆုတ်ခွာခဲ့ရတယ်။”ဟု မြိုင်(ပကဖ) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇီးပြားရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရန်သွားစဉ် သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီဘက်မှကြိုတင်၍ လက်ဦးမှုရယူပစ်ခတ်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ဝန်းကျင်သာဖြစ်ပွားခဲ့ပြီး လုံခြုံစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့များသည် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ကန်တော်ရွာတွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်တိုက်ခိုက်ရာ တပ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။