ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်း မှ ပြည်သူပိုင်ပစ္စည်းများကို လုယူမီးရှို့ဖျက်ဆီးပြန်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ ထံကသိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဂျပန်ကျွန်းရွာကို ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကာ ပစ္စည်းများကိုအဓမ္မလုယူ မီးရှို့ဖျက်ဆီးပြီး ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီးဖြင့်အပြန် သာကျင်ရွာ နှင့် နတ်ကြီးကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီပျူစောထီးပူးပေါင်းအဖွဲ့မှ ၁၅ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ဝင်များကပြောသည်။

“ဒေသခံတွေပစ္စည်းတွေကို လုယူပြီး အင်းအား ၈၀ ကျော်လောက်နဲ့အပြန်မှာ မိုင်ဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီဘက်က ၁၅ ယောက် သေတယ်လို့တော့ သတင်းရထားတယ်။ ကျွန်တော်တို့မိုင်းပွိုင့် ၃ ပွိုင့်ဆွဲတာဆိုတော့ ဒီထက်ပို များဖို့ပဲရှိတယ်။ ခြေ လက်ပြတ်တာတွေလည်းရှိပါတယ်။ ကား ၂ စီးလည်း လမ်းဘေးထိုးကျသွားတယ်။ ကျနော်တို့ တော်လှန်ရေးမဟာမိတ်တွေ ပိုမိုစည်းလုံးအောင်လုပ်ပြီ ဖောက်ခွဲရေး နဲ့ တိုက်ခိုက်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားပါမယ် “ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုရဲကြီး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း PDF ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွားခဲ့နိုင်ကြောင်း PDF တပ်ဖွဲ့ဝင်များကဆက်လက်ပြောသည်။

၎င်းတိုက်ပွဲကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ ငါန်းဇွန် နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၆ STF Ngazun၊ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် ၄ MSPDF၊ ခုနှစ်စင်ကြယ်ပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူ့ အင်အား ငါန်းဇွန်အဖွဲ့၊ MN PDF မန္တလေးခရိုင်တပ်ရင်း ၅ တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။