ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က မောင်နှစ်မချင်းဓါးဖြင့်ခုတ်မှုဖြစ်ပွားခဲ့ပြီး ညီမ ဖြစ်သူမှာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အမှတ် ၃ ရပ်ကွက် ရှားတောအုပ်စုမှာနေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် ကိုဝင်းနိုင်ဦးကနေ အသက် ၂၂ နှစ်အရွယ် ညီမဖြစ်သူ မအေးဝတ်ရည်ကို စကားများရန်ဖြစ်ရာကနေ ထင်းခုတ်းဓါးမနဲ့ခုတ်ခဲ့တာကြောင့် နေရာ မှာတင်သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“ အစ်ကိုဖြစ်တဲ့သူက အရက်သောက်ထားတယ် မူးနေတာပေါ့၊ သူ့ညီမနဲ့စကားများတော့ အဲ့တာ ထင်းခုတ် ဓါးမနဲ့ နောက်က ခုတ်လိုက်တယ်ပြောတယ်၊ အဲ့နေရာမှာတင်သေသွားတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ညီမအရင်းကို ဓါးနဲ့ခုတ်ပြီး ကိုဝင်းနိုင်ဦးဟာ ထွက်ပြေးသွားတာကြောင့် ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတွေ ပေါင်းပြီး လိုက်ရှာချိန်မှာ ဧရာဝတီမြစ်ကမ်းဘေးက ကိုင်းတောဘေးမှာ ထင်းခုတ်ထားနဲ့အတူ ကိုဝင်းနိုင်ဦးကို ပြန်လည်းဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါလူသတ်မှုနဲ့ပတ်သက်ပြီး ကိုဝင်းနိုင်ဦးကို မြန်အောင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။