ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

ဧရာဝတီတိုင်းတွင် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်၍ ဆန်ဈေးများ တစ်အိတ်လျှင် ကျပ် ၅၀၀၀ နီးပါး မြင့်တက်သွားသောကြောင့် အောက်ခြေလူတန်းစားများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲကြပ်တည်း လာကြောင်း သတင်းရရှိသည်။

ဆန်ဈေးနှုန်းများမှာ ယခုလဆန်းပိုင်းက ငစိန် (ဆင်းသုခ) (အကြမ်း) အသစ်ဈေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယမန်နေ့တွင် ၅၀၀၀၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး ငစိန် (ဆင်းသုခ) အဟောင်းဈေးမှာ ၅၅၀၀၀ ကျပ်စျေးနှုန်းမှ ၆၀၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။ ငစိန် (ဆင်းသုခ) ဆန်မှာ ဧရာ၀တီတိုင်းရှိ အခြေခံ လူတန်းစားများ အဓိကစားသုံးသည့်ဆန်အမျိုးအစားလည်း ဖြစ်သည်။

“ဆန်ဈေးက မနေ့ကအထိ ဈေးငြိမ်နေတာပါ၊ ဒီနေ့မှ ချက်ချင်းကြီးကို ၅၀၀၀ လောက်ကို ဈေးက ခုန်တက်သွားတယ်။ အဲဒါတောင် ထပ်တက်ဦးမယ်လို့ ရောင်းသူက ပြောသေးတယ်။ ယခင်နှစ်တွေဆိုရင် ဆန်အသစ်(အကြမ်း) ဆင်းသုခ တစ်အိတ်ကို ၂ သောင်းကျော်ပဲ ရှိခဲ့တာ၊ ဒီနှစ်ကျမှ စပေါ်ကတည်းက ၄ သောင်းဝန်းကျင် ဖြစ်နေတာကနေ အခုတော့ ၅ သောင်း ဖြစ်သွားတာဟု ကျောင်းကုန်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြန်မာနိုင်ငံမှ ဆန်ပြည်ပတင်ပို့မှုများ ဆက်တိုက်ရှိနေသည့်အတွက် ရန်ကုန်မြို့မှ ပြည်ပသို့ ဆန်တင်ပို့သူ ကုန်သည်ကြီးများမှာ စပါးစပေါ်ချိန် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက ဧရာ၀တီတိုင်းမှ စပါးများကို အလုံးအရင်းနှင့်ဝယ်ယူနေသည့်အတွက် စပါးစျေးမြင့်တက်ကာ လယ်သမားများ စျေးကောင်း ရခဲ့သလို နောက်ဆက်တွဲအဖြစ် ဝယ်လိုအားများသည့် ဆန်စျေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဧရာ၀တီတိုင်းမှ ဆန်စပါးကုန်သည်များက ပြောသည်။

“ကျွန်တော်တို့ရဲ့ လက်ထဲမှာ အရင်နှစ်ကလို စပါးက သိပ်မရှိဘူး။ အခုက အပေါ်ပိုင်းက ဆန်စပါး ကုန်သည်ကြီးတွေက ဈေးပိုပေးပြီး ကားကြီးများစွာနဲ့ လာရောက်ဝယ်ယူကြတော့ စပါးဈေးက မတရားဈေးတက်လာတယ်။ ကျွန်တော်တို့ကလည်း ရတဲ့ဈေးနဲ့ စပါးဝယ်ပြီး ဆန်ပြန်ကြိတ်ရောင်းရတော့ ဈေးက အခုလို တက်တာပါ။ ဈေးမတက်ရင်လည်း စပါးဈေးနဲ့ မကိုက်တော့ဘူးလေ။ လက်ရှိ ဆန်စပါးဈေးကို တာဝန်ရှိတဲ့ သူတွေက ဈေးညှိုပြီး စားသုံးသူနဲ့ထုတ်လုပ်သူတွေကြားမှာ အဆင်ပြေမယ့် နည်းလမ်းကို ဖေါ်ဆောင်ပေးဖို့လိုမယ်။ ဒီတိုင်းကြည့်နေမယ် ဆိုရင် အောက်ခြေလူတန်းစားတွေရဲ့ဘဝက ဒီထပ်ပိုဆိုးကြလိမ့်မယ်”ဟု ဓနုဖြူမြို့နယ်ရှိ နယ်ခံကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဧရာ၀တီတိုင်း၌ ဆန်ကြမ်းစျေးများသာမက ဆန်ချော ဧရာ၀တီပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ စျေးနှုန်းများ မြင့်တက်နေသည်။ ပြည်ပပို့ရန် စပါးဝယ်ယူမှုများ ဆက်တိုက်ရှိနေသဖြင့် ဆန်စျေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များက ဆိုသည်။

ဆန် ၁ အိတ် ၅ သောင်းဆိုတာက ကျွန်မတို့ အောက်ခြေလူတန်းစားတွေအတွက် အများကြီး အခက်ခဲကြုံနေရတယ်။ အလုပ်အကိုင် အရောင်းဝယ်တွေကလည်း မကောင်း၊ နေ့စားလုပ်တော့လည်း အလုပ်က ပုံမှန်မရှိဘူးလေ။ အခြားကုန်ဈေးနှုန်းတွေကလည်းတက် အခုက ဆန်ဈေးက ဒီလောက်တက်လာတာ ကျွန်မတို့က ဒီအတိုင်းဆက်သွားရင် ထမင်းရည် သောက်ရတော့မလို ဖြစ်နေပြီ”ဟု ကျောင်းကုန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံရှိ ဆန်စပါးဈေးမှာ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ယခင်ဈေး ၇သောငျးဝနျးကငြျဖွဈကာ ယခုတွင် ၈၉၀၀၀ ကျော် မြင့်တက်သွားပြီး၊ အခြားဆန်ဈေးနှုန်းများလည်း တစ်အိတ်လျှင် ၈၀၀၀ နီးပါးတက်သွားကြောင်း သိရသည်။