ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
မြန်မာစစ်တပ်က နောက်ပြန်ဆုတ်ရေး စဉ်းစားဖို့နဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပြည်တွင်းစစ်ကြောင့် စီး ပွားရေးပြိုလဲတော့မယ့် မြန်မာနိုင်ငံကို အရည်အချင်းရှိသော ခေါင်းဆောင်တွေကို အုပ်ချုပ်ခွင့်ပြုဖို့ အင်ဒိုနီးရှား ဝန်ကြီးတစ်ဉီးက တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်က ဆယ်စုနှစ်ချီ အစိုးရဌာနအားလုံးကို ထိန်းချုပ်ထားမှုမှ နောက်ပြန်ဆုတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ရဲ့ နမူနာကို မြန်မာနိုင်ငံက ယူသင့်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဉီးဖြစ်တဲ့ အင်ဒိုနီးရှား ရေကြောင်းရေးရာ နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လူဟတ်ပန်ဂျိုင်တန်က ပြောပါတယ်။
အစိုးရအဖွဲ့ကို အုပ်ချုပ်နေတဲ့ စစ်တပ်တွေအများကြီးရှိပေမယ့် အရည်အချင်းမရှိရင် သမ္မတမဖြစ်သင့်ပါ ဘူး လို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တော်မှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အာဏာသိမ်းခေါင်းဆောင်အဖြစ်မှ ကိုယ့်ကိုကိုယ် ဝန်ကြီးချုပ်ပြန်ခန့်သူ မင်းအောင်လှိုင်နဲ့ပတ်သက်လို့ ပန်ဂျိုင်တန်က ပြောပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာလို အရည်အချင်းရှိတဲ့သူက တိုင်းပြည်ကို အုပ်ချုပ်ပါစေ လို့ သူက ဆိုပါတယ်။
၁၉၆၆ ခုနှစ်မှာ တိုင်းပြည်ရဲ့ ပထမဆုံးသမ္မတထံမှ အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာ တိုကို ၁၉၉၈ ခုနှစ်မှာ ဖြုတ်ချပြီးနောက် အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီစနစ် ပြန်ကျင့်သုံးခဲ့ပါတယ်။
ဆူဟာတိုက အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ်သုံးခုကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး လျင်မြန်သော စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ပန်ဂျိုင်တန်လိုမျိုး စစ်ခေါင်းဆောင်ဟောင်းတွေက အစိုးရအ ဆက်ဆက်မှာ ရာထူးတွေရယူခဲ့ပါတယ်။
အရပ်သားတွေအပေါ် အကြမ်းဖက်တွေ ဆက်လက်ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ကို တာဝန်ခံစေရေး ကြိုး ပမ်းမှုမှာ ဉီးဆောင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်ပါတယ်။
မြန်မာစစ်တပ်ကိုယ်စားလှယ်တွေကို ဒေသတွင်းအစည်းအဝေးတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ တက် ရောက်ခွင့်ပိတ်ပင်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံခေါင်းဆောင်တွေကို အဆိုပြုခဲ့ ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မြန်မာစစ်တပ်ကို ဘယ်လို တာဝန်ခံစေမယ်ဆို တာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ကြား သဘောတူညီချက်မရရှိခဲ့ပါဘူး။
အင်ဒိုနီးရှားနိုင်ငံက အခြားတိုင်းပြည်ရဲ့ ပြည်တွင်းမစွက်ဖက်ရဆိုတဲ့ အာဆီယံအခြေခံမူကို လိုက်နာကာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။
ဒီနှစ် သို့မဟုတ် နောက်နှစ်မှာ သူတို့ကိုယ်တိုင် သူတို့ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ထင် တယ် ပန်ဂျိုင်တန် ပြောပါတယ်။
ကိုးကား – The Straits Times
Ref; Indonesian minister tells Myanmar to let qualified people run govt