ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ ဇန်နဝါရီလ ၁၉ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာနယ်မြေရဲစခန်းအား ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီဝန်းကျင်အချိန်၌ Ye Guerrilla Force အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲတပ်သား အင်အား ၁၀ ဦးဝန်းကျင်ရှိ အဆိုပါထင်းရှူးကျေးရွာရဲကင်းစခန်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ မိနစ် ၂၀ ဝန်းကျင်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲစခန်းမှ ရဲတပ်သား ၃ ဦးသေဆုံးခဲ့ကာ ၅ ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကူလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း YGF ထံမှ သိရသည်။
“ကျွန်ဝောာ်တို့က အချိန်သတ်မှတ်ပြီး စခန်းသိမ်းဖို့စီစဉ်ခဲ့တာပါ။ ကျွန်တော်တို့သတ်မှတ်ချိန်အတွင်းမသိမ်းနိုင်တာနဲ့ ပြန်လည်ဆုတ်ခွာခဲ့တယ်။ စခန်းထဲကိုလည်း ၄၀မမ ၁၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဆုတ်ခွာပြီးတာနဲ့ စစ်တပ်က တပ်ကူလာပြီး လက်နက်ကြီးနဲ့ပစ်ကူခဲ့တယ်။ အခုချိန်ထိလည်း ရမ်းပြီးပစ်နေတယ်။ ရဲစခန်းမှာတော့ စစ်တပ်အင်အားဖြည့်ထားတယ်ဆိုပြီး သတင်းကြားတယ်” ဟု Ye Guerrilla Forceအဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီ၏ အမြောက်တပ် အမတ(၃၁၅)မှ လက်နက်ကြီးပစ်ကူခဲ့ပြီး စစ်ကောင်စီတပ်မှ ထင်းရှူးကျေးရွာဝန်းကျင်နှင့် စွပ်ပလောင်ကျေးရွာဝန်းကျင်အား နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရပါသည်။
Ye Guerrilla Force အဖွဲ့သည့် ဇန်နဝါရီလ ၁၄ ရက်ကလည်း ရေးမြို့နယ်၊ မော့ကနင်ရွာတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုရခိုင်ဆိုသူအား ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်လုပ်သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့သေးကြောင်း YGF တပ်ဖွဲ့ထံမှ သိရသည်။