နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၁၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စည်ပင်သာယာ၏ လမ်းနယ်နမိတ်နှင့် မလွတ်သည့် စျေးဆိုင်များအား စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာ၊ရဲတပ်ဖွဲ့ ၊ထွေအုပ်ဝန်ထမ်းများမှ လိုက်လံဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်

မအူပင်မြို့ ရေလဲလမ်းမကြီး၊ မြို့ပတ်တာ၊ ကမ်းနားလမ်း နှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ စျေးဆိုင်နှင့် အဆောက်အဦးအချို့အား စည်ပင်သာယာ၏ လမ်းနယ်နိမိတ်နှင့် ၇၅ ပေအကွာ ဖယ်ပေးရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် ထွေအုပ်ဝန်ထမ်းများမှ လိုက်လံဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

“အရင်က စည်ပင်သာယာက အခွန်ကောက်ပြီး လုပ်ခွင့်ပေးထားတာလေ။ ကတ္တရာလမ်းနှင့် (၇၅)ပေ အကွာဖယ်ပေးရမယ်ဆိုပြီးလိုက်ဖယ်ရှားခိုင်းတာ။ မလွတ်တဲ့အဆောက်အဦးတွေကိုပါ ဖျက်ခိုင်းနေတာ။ သူတို့ပဲအစက သဘောတူပြီး ယူထားကြတာလေ။ တချို့နေရာတွေဆိုရင်အဆောက်အဦး အခိုင်အမာတွေတောင် ဆောက်ထားကြတာ။ ခုမှ လိုက်ဖျက်ခိုင်းတာ” ဟု မအူပင်မြို့နယ် ​ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖယ်ရှားခိုင်းခံရသည့် အဆောက်အဦးအချို့မှာ ယခင်အရပ်သားအစိုးရလက်ထက် အဆက်ဆက်၌လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာဌာနများထံ ငွေကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ပေးဆောင်ထားရကြောင်း ဒေသခံအချို့က ဆိုသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဌာနက လမ်းနယ်နိမိတ်ကျော်လွန်သည်ဟုဆိုကာ ဖျက်သိမ်းဖယ်ရှားခိုင်းသည့် နေအိမ်နှင့် စျေးဆိုင် ၂၀၀၀ ကျော်အထိရှိနေကြောင်း ပုသိမ်၊ ပန်းတနော်၊ မအူပင်၊ အိမ်မဲမြို့နယ်မှ ဒေသခံများထံမှ သိရသည်။