နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက လူသွားလမ်းတချို့ကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ဒုတိယပတ်လောက်ကစတင်ပြီး မိုင်းထောင်တာတွေပြုလုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာကနေ ပုသိမ်သွားတဲ့ ကားလမ်းနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ လမ်းပိုင်းတချို့ကို စစ်ကောင်စီတပ်သားတွေက နင်းမိုင်း၊ တိုက်မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ လမ်းသွားဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဆားလင်းကြီးမြို့နယ်ရှိ လူသွားလမ်းမကြီးများပေါ်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသော မိုင်းနင်းမိ၍ ဒေသခံတစ်ဦး မိုင်းထိမှန်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ PDF များက ပြောပါတယ်။

“ ၁၇ ရက်နေ့ကလည်း ဒေသခံတစ်ယောက်မိုင်းနင်းမိလို့ ဆေးကုသမှုခံနေရတယ်၊ သူတို့က လက်နက်ကိုင် အချင်းချင်းမနိုင်တော့ ပြည်သူတွေကို ပြန်လုပ်တဲ့သဘောမျိုးလုပ်နေတာ”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ချုံခိုတိုက် ခိုက်တာတွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးများလာပြီးနောက်ပိုင်း ခုလိုမျိုး မိုင်းတွေထောင်ထားခဲ့တာလို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဇန်နဝါရီလ ဒုတိယ ပတ်လောက်ကစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်စီးတာတွေကြောင့် ဒေသခံ ၃ သောင်းကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။