ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်
မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (Strategic Initiative Forum)မှ ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့စည်းပေါင်းစုံမှ စစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲအား ရသည့်နည်းဆန့်ကျင် ငြင်းပယ်ကြရန် ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ထားပါသည်။
အဆိုပါ ကြေငြာချက်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့မှလည်း စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအား လက်ခံခြင်းမရှိကြောင်း ရှင်းလင်းစွာရပ်တည်ထားကြောင် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ အခြားကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ အနေဖြင့်လည်း စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ကြရန်လည်း မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (Strategic Initiative Forum)မှ တိုက်တွန်းထားသည်။
စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲမဟုတ်သည့်အပြင် စစ်အုပ်စုမှ ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေမည့် ရာဇဝတ်မှုများအား တရားဝင်ပြုလုပ်ခွင့်ပြုမည့် အာဏာအပ်နှင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ရွေးကောက်ပွဲအား ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူများ၏ ပေးဆပ်မှုများစွာဖြင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးရည်မှန်းချက်များကို ဥပေက္ခာပြုခြင်း၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာဏာရယူအလွဲသုံးစားလုပ်နေသည့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခြင်း တို့ သာဖြစ်လာမည်ဖြစ်ကြောင်း ISF အဖွဲ့မှ ရေးသားထုတ်ပြန်ထားသည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအား ဝိုင်းဝန်းကန့်ကွက်ရှုတ်ချပေးကြရန်လည်း Strategic Initiative Forum မှ တိုက်တွန်းတောင်းဆိုထားသည်။
ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်အား ရောက်ရှိနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပြည်သူများမှ စုပေါင်း၍ စစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲအား ရသည့်နည်းဖြင့် ဆန့်ကျင်တိုက်ဖျက်ရင်း တော်လှန်ရေးရည်မှန်းချက်အား အကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောဆိုထားသည်။