ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဇန်နဝါရီလ ၁၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊အမှတ်(၆)ရပ်ကွက်၊ ရတနာလမ်း (ကွင်းကလေးချောင်)မှာ ဇန်နဝါရီလ ၁၄ ရက်နေ့က မူးယစ်ရမ်းကားနေသူ အမျိုးသားတစ်ဦးကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာကြောင့် ဆေးရုံတက်ရောက်ပြီး ၃ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်မှာ အရက်မူးပြီး ရမ်းနေတာကြောင့် မိသားစု၀င်တွေက ရဲတပ်ဖွဲ့ထံ လာရောက်ထိန်းသိမ်းပေးဖို့အကူညီတောင်းရာမှာ ရဲတပ်ဖွဲ့က ပုသိမ်မြို့တဂေါင်းဘုရားမှာတပ်စွဲထားတဲ့စစ်တပ်ကို စေလွှတ်ခဲ့တာဖြစ်ပြီး ဦးဆောင်လာသူ စစ်ကောင်စီအရာရှိကိုယ်တိုင်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံတွေက ပြောပါတယ်။

“မူးပြီးရမ်းနေလို့ ရဲကိုထိန်းပေးဖို့ခေါ်တာ။ ရဲကမလာပဲ စစ်တပ်ကရောက်လာပြီးပစ်လိုက်တာ။ ထိတာကတော့ လက်မောင်းရင်းကို မှန်တာ။ ဆေးရုံ ပို့တော့ဆေးရုံက သေနတ်မှန်တဲ့ လက်ကို ဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ၁၆ ရက်နေ့မှာဆုံးသွားတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၂၅ နှစ်၀န်းကျင် ကိုအောင်ကျော်ဆိုသူဖြစ်ပြီး ရတနာလမ်း(ကွင်းကလေးချောင်)မှာ ငယ်စဥ်ကတည်းကနေထိုင်ခဲ့သူဖြစ်ကာ ရန်ကုန်တိုင်း၊ လိူင်သာယာမြို့နယ်သို့ပြောင်းရွှေ့သွားပြီးနောက် ပြန်လည်ရောက်ရှိလာသူဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။