ဧရာဝတီတိုင်းမ်
(ဘုတလင်)၊ ဇန်နဝါရီလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်သူများရွာအနီးတွင် ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်၌ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောာင်စီမော်တော်ယာဉ် ၅ စီးအားမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Diamond – BPDFထံမှ သိရသည်။

ကနီဘက်မှ အလုံစစ်ပင်ဆိပ်ကမ်းဘက်သို့ စုန်ဆင်းလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီမော်တော်ယာဉ် ၅ စီးအား ညောင်သူများရွာအထက်ပိုင်းတွင် ရှေ့ထွက်မိုင်း ၁၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကနီဘက်တိုက်ပွဲမှာ အရေးနိမ့်ခဲ့လို့ ပြန်ဆုတ်လာတဲ့စစ်ကောင်စီတပ်သားတွေ။ သူတို့ခုလိုကြားဖြတ်တိုက်ခံထိတော့ ညောင်သူများရွာမှာဘဲ မော်တော် ၃ စီးကပ်လာပြီး ရွာထဲမှာစခန်းချနေတယ်။ နောက်ထပ် ၂ စီးကတော့ရွာအထက်ပိုင်းမှာ သောင်တင်နေတယ်။ တိုက်ခိုက်ခံရတော့ ကျွန်တော်တို့မိုင်းဆွဲတဲ့ဘက်ကို သူတို့ကမော်တော်ကပ်ပြီး ပြန်ပစ်ခတ်တော့ဆုတ်ခွာခဲ့ရတယ်” ဟု Royal Diamond-BPDFတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညောင်သူများရွာတွင် ကမ်းကပ်၍ စခန်းချခဲ့ပြီး ဘုတလင်ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ခုမှ ရဲဘော် ၃ ဦးအားလည်း ညောင်သူများရွာအဝင်တွင် ပစ်သတ်ခဲ့ကြောင်း လည်းသိရသည်။

ဘုတလင်မြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကူတော်ရဲကင်းစခန်းကို ဒီပဲယင်းနှင့်ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ‌စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။